PSM(News) ဩဂုတ် ၂၁ ၊ ၂၀၂၆ စစ်ကိုင်းတိုင်းအတွင်း မြေပြင်နှင့် လေကြောင်းစစ်ဆင်ရေးများ မြှင့်တင်နေသည့် အာဏာလု စစ်အုပ်စုကြောင့် ဝန်းသိုနှင့် ပင်လည်ဘူးမြို့နယ်များရှိ အရပ်သားပြည်သူ အများအပြားသည် သေဆုံး၊ ဒဏ်ရာရမှုများနှင့်အတူ စစ်ဘေးအန္တရာယ်ကို အလူးအလဲ ခံစားနေကြရကြောင်း မြေပြင် သတင်းရင်း များထံမှ သိရသည်။ အာဏာလု စစ်တပ်၏ ဩဂုတ် ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပင်လည်ဘူးမြို့နယ်အတွင်း အရပ်သား ၁၀ ဦး သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုသို့လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေစဉ် တစ်ပြိုင်နက်တည်းမှာပင် ဝန်းသိုမြို့အခြေစိုက် ခမရ -၁၁၁ နှင့် ခမရ-၁၂၀ တပ်ရင်းများအတွင်းသို့ စစ်ထောက်ပို့ ရဟတ်ယာဉ်များဖြင့် လက်နက်၊ ရိက္ခာနှင့် လူအင် အားများကို လေကြောင်းမှတစ်ဆင့် ဖြည့်တင်းနေပြီး ကျေးရွာများကို စစ်ကြောင်းထိုး ရန် ပြင်ဆင်နေကြောင်း မြေပြင်ရှိ သတင်းရင်းမြစ်များထံမှ သိရသည်။ အာဏာလုစစ်အုပ်စု၏ စစ်ရေးပြင်ဆင်မှုများကြောင့် လေကြောင်းအန္တရာယ်နှင့် စစ်ကြောင်းအန္တရာယ် များကို အထူးသတိပြု နေထိုင်ကြရန် ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းကလည်း ပြည်သူများကို အသိပေးနှိုးဆော်ထားသည်။ “အာဏာလု စစ်တပ်က စစ်ကြောင်းထိုးလာရင် လေကြောင်းကနေပါ တိုက်ခိုက်လာနိုင်တယ်။ တကယ်လို့ တိုက်ခိုက်ခံရရင်လည်း နေရာနဲ့ အထိအခိုက်တွေကို လူမှုကွန်ရက်ပေါ် အလျင်စလို မတင်ကြဖို့၊ တင်တဲ့သူတွေကို စုံစမ်းစစ်ဆေး အရေးယူသွားမယ်ဆိုပြီး တော်လှန်ရေးဘက်က အသိပေးထားတယ်” ဟု ဒေသခံတစ်ဦးက PSM ကိုပြောသည်။ ဝန်းသိုမြို့နယ်နှင့် ကောလင်းမြို့နယ်အစပ်ရှိ သစ်ဖုလတောင်ဒေသသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ အတွင်းကလည်း အာဏာလု စစ်တပ်၏ ခမရ-၁၀၁ နှင့် ခမရ-၁၂၀ မှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာမှုကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် နှစ်ဖက်အထိအခိုက်များရှိခဲ့ပြီး အာဏာလု စစ်တပ်ဘက်မှ တပ်ကြပ်တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၇ ဦးခန့် ဖမ်းဆီးရရှိခဲ့သည်။ လက်ရှိတွင် ဝန်းသိုမြို့နယ်အတွင်း တပ်အင်အားဖြည့်တင်းမှုနှင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေမှုများ ကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံများမှာ စစ်ရေးတင်းမာမှုနှင့်အတူ လေကြောင်း ရန်ကိုပါ ထပ်မံစိုးရိမ်နေကြရသည်။ ဓာတ်ပုံ-CJ Post navigation တရုတ်က ဖမ်းဆီးထားသည့် ISP-Myanmar တည်ထောင်သူ ဦးမင်းဇင်ကို မတရားဖမ်းဆီးခံရသူအဖြစ် အမေရိကန် သတ်မှတ်၊ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆို မြောင်မြို့နယ်တွင် တရားစခန်းပြုလုပ်သည့် ဘုန်းကြီးကျောင်းကို အာဏာလု စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ ၁၄ ဦး သေဆုံး