PSM(NEWS ) မတ် ၂၁၊ ၂၀၂၆ မိမိ၏ ကိုယ်ခံပညာကျွမ်းကျင်မှုများကို အသုံးချကာ “The Delta Force”၊ “Missing in Action” နှင့် နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲ “Walker, Texas Ranger” တို့တွင် သူရဲကောင်းဆန်ဆန်သရုပ်ဆောင်ခဲ့သူ အက်ရှင်မင်းသားကြီး ချပ်ခ် နောရစ် သည် ကြာသပတေးနေ့ကကွယ်လွန်သွားပြီဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ် ရှိပြီဖြစ်သည်။ ၎င်း၏မိသားစုက တရားဝင် အင်စတာဂရမ် အကောင့်မှတစ်ဆင့် သေဆုံးမှုကို အတည်ပြု ကြေညာခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။ ၎င်းသည် ကျန်းမာရေး အရေးပေါ် အခြေအနေကြောင့် ဟာဝိုင်ယီကျွန်းရှိ ဆေးရုံတစ်ခုသို့ တက်ရောက် ကုသမှုခံယူခဲ့ရကြောင်း မိသားစုက ဆိုသည်။ ချပ်ခ် နောရစ် သည် သရုပ်ဆောင် တစ်ဦးအနေဖြင့် စကားလုံးများ သို့မဟုတ် သေနတ်များထက် ၎င်း၏ကျွမ်းကျင်လှသော ခြေကန်ချက်များ၊ ကိုယ်ခံပညာနည်းစနစ်များဖြင့် လူဆိုးများကို နှိမ်နင်းသည့် သူရဲကောင်းအဖြစ် ပရိသတ် သန်းပေါင်းများစွာ၏ အားပေးမှုကို ရရှိခဲ့သူဖြစ်သည်။ ၎င်းက တစ်ကြိမ်တွင် “ကျွန်တော်ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ လမ်းစရအောင် ရုန်းထွက်တိုက်ခိုက်ရတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်တာပါ” ဟု ပြောကြားခဲ့ဖူးသည်။ ၎င်း၏ အအောင်မြင်ဆုံးအချိန်ကာလမှာ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းမှ ၂၀၀၀ ပြည့်နှစ် အစောပိုင်းအထိ ဖြစ်ပြီး “Good Guys Wear Black”(၁၉၇၈)၊ “Lone Wolf McQuade” (၁၉၈၃)၊ “Invasion U.S.A.” (၁၉၈၅) နှင့် ဗီယက်နမ်ရှိ အမေရိကန်သုံ့ပန်းများကိုကယ်တင်သည့် “Missing in Action” ဇာတ်ကားများမှာ အထူးထင်ရှားသည်။ ဝေဖန်ရေးသမားအချို့က ၎င်း၏ သရုပ်ဆောင်မှုကို “ကျောက်ရုပ်ကဲ့သို့ အမူအရာမရှိသူ” ဟု ဝေဖန်ခဲ့ကြသော်လည်း ပရိသတ်များကမူ ၎င်းအား အားကိုးထိုက်သည့် သူရဲကောင်းတစ်ဦးအဖြစ် လက်ခံအားပေးခဲ့ကြသည်။ ၂၀၀၄ ခုနှစ်တွင် ၎င်းကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့သည့် “Dodgeball: A True Underdog Story” ဇာတ်ကားသည် တစ်ကမ္ဘာလုံးတွင် အမေရိကန်ဒေါ်လာ ၁၆၈ သန်းအထိ ဝင်ငွေရရှိခဲ့သည်။ ၎င်းသည် ဆယ်လ်ဗက်စတာ စတားလုံး အာနိုးလ် ရှဝါဇန်နယ်ဂါ တို့နှင့် တန်းတူ ရပ်တည်နိုင်ခဲ့သည့် အက်ရှင်သူရဲကောင်းတစ်ဦးဖြစ်သည်။ ၎င်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်တွင် ၎င်းက “လူတွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး အခက်အခဲတွေကို ရင်ဆိုင်ရဲတဲ့သူကို အတုယူချင်ကြတယ်” ဟု ရေးသားခဲ့သည်။ ကိုးကား The New York Tines #ရုပ်ရှင်_အက်ရှင်လောက #ချပ်ခ်_နောရစ် #အသက်_၈၆_နှစ် #ကွယ်လွန် #PSM_News Post navigation သန်းနှင့်ချီသော စက်ပစ္စည်းများကို ကူးစက်ထားသည့် ဘော့တ်နက် (Botnet) ကွန်ရက်များကို အမေရိကန်၊ ဂျာမနီနှင့် ကနေဒါတို့ ဖြိုခွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ချာနီဟိဗ်ဒေသ တစ်ခုလုံးနီးပါးလျှပ်စစ်မီးပြတ်တောက်