PSM(NEWS)

မတ် ၂၁၊ ၂၀၂၆

ကမ္ဘာတစ်ဝန်းရှိ စက်ပစ္စည်းပေါင်း ၃သန်းကျော်ကို ကူးစက်ထိန်းချုပ်ထားသည့် အဓိက ဘော့တ်နက် (Botnet) ကွန်ရက်ကြီး ၄ ခု၏ အခြေခံအဆောက်အအုံများကို အမေရိကန်၊ ဂျာမနီနှင့် ကနေဒါနိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး အေဂျင်စီများ ပူးပေါင်းကာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

Aisuru၊ KimWolf၊ JackSkid နှင့် Mossad ဟု အမည်ရသော အဆိုပါ အန္တရာယ်ရှိ ကွန်ရက်များကို အသုံးပြု၍ ဝန်ဆောင်မှုရပ်ဆိုင်းစေသည့် (DDoS) တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်အချို့မှာလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာန (DOJ) က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဂျာမနီရဲတပ်ဖွဲ့၏ သောကြာနေ့ ထုတ်ပြန်ချက်အရ အဆိုပါ ဘော့တ်နက်များကို စီမံခန့်ခွဲသူဟု သံသယရှိသူ နှစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့သည် ဥပဒေကြောင်းအရ အရေးယူမှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

၎င်းတို့၏ ဂျာမနီနှင့် ကနေဒါရှိ နေအိမ်များကို ဝင်ရောက်စီးနင်းရာတွင် ဒေတာသိုလှောင်သည့် ပစ္စည်းများနှင့်အတူ အမေရိကန်ဒေါ်လာ သောင်းနှင့်ချီ တန်ဖိုးရှိသော ခရစ်ပတို ငွေကြေးများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဘော့တ်နက်များ၏ ကူးစက်မှုကို ခံထားရသည့် စက်ပစ္စည်း အများစုမှာ ဝက်ဘ်ကင်မရာ (Webcam) များ၊ ဒစ်ဂျစ်တယ် ဗီဒီယိုမှတ်တမ်းတင် စက်များ (DVR) နှင့် ဝိုင်ဖိုင်ရောက်တာ (Wi-Fi Router) များကဲ့သို့သော အင်တာနက်နှင့် ချိတ်ဆက်ထားသည့် လူသုံးကုန်ပစ္စည်း (Internet of Things – IoT) များ ဖြစ်ကြသည်။

ဟက်ကာများသည် အဆိုပါ ဘော့တ်နက်များကို အသုံးပြုကာ ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာများနှင့် ဆာဗာများကို DDoS တိုက်ခိုက်မှုပေါင်း သိန်းနှင့်ချီ ပြုလုပ်ခဲ့ကြပြီး အချို့ဖြစ်စဉ်များတွင် ငွေညှစ်တောင်းခံမှုများပင် ရှိခဲ့ကြောင်း သိရသည်။

အထူးသဖြင့် လုံခြုံရေးမြှင့်တင်မှု (Update) မရှိသော စက်များနှင့် လျှို့ဝှက်နံပါတ် (Password) အားနည်းသော စက်ပစ္စည်းများသည် အပိုင်စီးခံရရန် အလားအလာ အများဆုံးဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့က သတိပေးထားသည်။

ယခု စစ်ဆင်ရေးတွင် Amazon Web Services၊ Google၊ PayPal နှင့် Nokia ကဲ့သို့သော နည်းပညာကုမ္ပဏီကြီး ၂၀ ကျော်နှင့် ဥရောပရဲတပ်ဖွဲ့ (Europol) တို့ကလည်း ပူးပေါင်းကူညီခဲ့ကြသည်။

ဘော့တ်နက် (Botnet) ဆိုသည်မှာ “Robot” နှင့် “Network” ဆိုသည့် စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး အင်တာနက်ပေါ်ရှိ ဟက်ကာများက အဝေးမှထိန်းချုပ်ထားသော ကူးစက်ခံ ကွန်ပျူတာ သို့မဟုတ် စက်ပစ္စည်း အုပ်စုကြီးကို ခေါ်ခြင်းဖြစ်သည်။

ကိုးကား Reuters

#သန်းချီသော_စက်ပစ္စည်း_ကူးစက်

#Botnet

#အမေရိကန်_ဂျာမနီ_ကနေဒါ

#တိုက်ခိုက်ချေမှုန်းနိုင်

#ဟက်ကာများ

#PSM_News

By Htet Ko