PSM(News)

မတ် ၂၁ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ဆူးလေကုန်းစံပြကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင် တပ်က ယနေ့ (မတ် ၂၁ ရက်) မွန်းလွဲပိုင်းတွင် လေတပ်စခန်း သုံး ခုမှ ဂျက်ဖိုက်တာ ရှစ် စင်း အသုံးပြုကာ တပြိုင်နက်တည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဆောင်များ ပျက်စီးကာ သံဃာတော်များနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်၏ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ လေး စင်း၊ မကွေးလေတပ်မှ နှစ် စင်းနှင့် မိတ္ထီလာ ရှမ်းတဲလေတပ်မှ နှစ် စင်း၊ စုစုပေါင်း ရှစ် စင်း သည် ယနေ့ မွန်းလွဲ ၁၁ နာရီ ၅၈ မိနစ်ခန့်မှစတင်ကာ ကျေးရွာအတွင်းရှိ အများပြည်သူဆိုင်ရာ အဆောက်အဦများကို ဦးတည်၍ မိနစ် ၂၀ ကျော်ကြာ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်က လာရောက်ဗုံးကြဲချသည့် စာသင်ကျောင်းသည် တစ်ပတ်ခန့် ကျောင်းပိတ်ထား၍ ကလေးငယ်များ ထိခိုက်မှုမရှိသော်လည်းဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော်များနှင့်ပြည်သူအချို့ ထိခိုက်မှုရှိကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို အဓိကထားပြီး ဗုံးလာကြဲတာပါ။ ကံကောင်းတာက ကေးတွေ ကျောင်းပိတ်ထားလို့ အသက်ဘေးက လွတ်သွားတယ်။ ဒါပေမဲ့ ဘုန်းကြီးကျောင်းထဲက ကိုယ်တော်တွေနဲ့ ပြည်သူအချို့တော့ ထိခိုက်ဒဏ်ရာရကုန်တယ်။ ရွာထဲက အိမ်တွေလည်း မီးလောင်ပြာကျကုန်ပြီ” ဟု ဒေသခံတစ်ဦးက PSM News ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဆောင်များ မီးလောင်ပျက်စီးသွားသည့်အပြင် အနီးနားရှိ နေအိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

လက်ရှိတွင် စစ်ကော်မရှင် သည် စစ်ကိုင်းတိုင်းအတွင်းရှိ အရပ်သားပစ်မှတ်များကို လေကြောင်းမှ တိုးမြှင့်တိုက်ခိုက်နေသဖြင့် ဒေသခံတော်လှန်ရေးအင်အားစုများက ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ်ကို အထူးသတိပြုကြရန် နှိုးဆော်ထားသည်။

ဓာတ်ပုံ-CJ

ပုံစာ-ဆူးလေကုန်းစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်ကော်မရှင်က ဗုံးကြဲပြီးနောက်တွေ့ရစဉ်။

#ကနီ

#ဆူးလေကုန်းရွာ

#ဗုံးကြဲတိုက်ခိုက်

#ဘုန်းကြီးကျောင်း

#စာသင်ကျောင်

#သံဃာတော်များထိခိုက်

#PSM_News

By Htet Ko

You missed