PSM(NEWS)

မတ် ၂၁ ၊ ၂၀၂၆

ဂျပန်နိုင်ငံအနေဖြင့် စွမ်းအင်ဖူလုံမှုရှိစေရန်နှင့် ရေနံဝယ်ယူတင်သွင်းသည့် လမ်းကြောင်းများကို အဖုံဖုံပြောင်းလဲရန်အတွက် အမေရိကန်ရေနံစိမ်းများကို ဂျပန်နိုင်ငံအတွင်း၌ပင် သိုလှောင် ထားရှိသွားနိုင်ကြောင်း ဝန်ကြီးချုပ် ဆာနာအေ တာကာအီချီက အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ပြောကြားလိုက်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ရေနံတင်ပို့မှု ပြတ်တောက်မှုများနှင့် စွမ်းအင်စျေးနှုန်း မြင့်တက်နေမှုများကို တုံ့ပြန်ရန်အတွက် ယခုအပတ်အတွင်း ဂျပန်နိုင်ငံသည် ၎င်း၏ အရန်ရေနံသိုလှောင်မှုများကိုစံချိန်တင် ထုတ်ယူသုံးစွဲခဲ့သည်။

ထိုသို့ မထုတ်ယူမီ အချိန်အထိ ဂျပန်နိုင်ငံတွင် ရေနံစည်ပေါင်း ၄၇၀ သန်းခန့် သို့မဟုတ်၂၅၄ ရက်စာသုံးစွဲနိုင်သည့် ပမာဏကို သိုလှောင်ကန်များတွင် ထိန်းသိမ်းထားရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမေရိကန်ရေနံများသည် ဂျပန်နိုင်ငံ၏ မဟာဗျူဟာမြောက် အရန်ရေနံစာရင်းတွင် ပါဝင်မည်လား သို့မဟုတ် အမေရိကန်က လိုအပ်သည့်အချိန်တွင် ပြန်လည်အသုံးပြုနိုင်ရန် သိုလှောင်ထားပေးခြင်းမျိုးလား ဆိုသည်ကိုမူ တိတိကျကျ မသိရသေးပေ။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် နှင့် တွေ့ဆုံအပြီးတွင် ဝန်ကြီးချုပ် ဆာနာအေတာကာအီချီက “အမေရိကန်ဆီက ဝယ်ယူတဲ့ ရေနံစိမ်းတွေကို ဂျပန်မှာ လာရောက်သိုလှောင်မယ့် ပူးပေါင်းစီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့ သမ္မတ ဒေါ်နယ်ထရန့်ကို ပြောကြားခဲ့ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “ဒါဟာ စွမ်းအင်တင်သွင်းတဲ့ ရင်းမြစ်တွေကို အမျိုးမျိုး ခွဲခြားထားခြင်းအားဖြင့် ဂျပန်နိုင်ငံတင်မကဘဲ အာရှတစ်ခွင်လုံးမှာပါ တည်ငြိမ်တဲ့ စွမ်းအင်ထောက်ပံ့မှု ရရှိစေမှာ ဖြစ်တယ်ဆိုတဲ့ နားလည်မှုအပေါ် အခြေခံထားတာပါ” ဟု ဆိုသည်။

လက်ရှိတွင် ဂျပန်နိုင်ငံသည် ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံတို့နှင့် ပူးပေါင်း၍ ရေနံစည်ပေါင်း ၁၃ သန်းခန့်ကို ပြည်တွင်း၌ သိုလှောင်ထားရှိပြီး အရေးပေါ်အခြေအနေတွင် အဆိုပါရေနံများကို ဦးစားပေး အသုံးပြုပိုင်ခွင့်ရှိသည်။

ဂျပန်နိုင်ငံသည် ၎င်းလိုအပ်သော ရေနံ ၉၀ ရာခိုင်နှုန်းကျော်အတွက် အရှေ့အလယ်ပိုင်းကို မှီခိုနေရပြီး ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့် ရေနံပြတ်တောက်မှုနှင့် စျေးနှုန်းကြီးမြင့်မှု ဒဏ်ကို သံမဏိစက်ရုံများမှအစ အများသုံး ရေချိုးခန်းများအဆုံး ပြင်းထန်စွာ ခံစားနေရသည်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (International Energy Agency) ၏ ညှိနှိုင်းမှုဖြင့် ရေနံစည်ပေါင်းသန်း ၈၀ နီးပါးကို ဂျပန်က ထုတ်ပေးခဲ့ရပြီး ယင်းသည် အမေရိကန်ပြီးလျှင် ဒုတိယအများဆုံးထုတ်ပေးမှုဖြစ်သည်။

ယခုခရီးစဉ်အတွင်း ဂျပန်နှင့် အမေရိကန်တို့သည် အမေရိကန် စွမ်းအင်ကဏ္ဍတွင် ဂျပန်မှ ဒေါ်လာ ၇၃ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန်နှင့် အရေးကြီးသတ္တုတွဲများတွင် တရုတ်နိုင်ငံကို မှီခိုနေရမှုအား လျှော့ချနိုင်မည့် အစီအစဉ်များကိုလည်း ကြေညာခဲ့ကြသည်။

ကိုးကား Reuters

#ဝန်ကြီးချုပ်_ဆာနာအေ_တာကာအီချီ

#ဂျပန်

#စွမ်းအင်ဖူလုံမှု

#အမေရိကန်ရေနံသိုလှောင်

#တရုတ်

#မှီခိုနေရမှုလျှော့ချ

#PSM_News

By Htet Ko