PSM (News)

ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တောင်ခေါင်းလောင်းကျေးရွာရှိ စစ်ကော်မရှင်တပ် စခန်းကို ယာယီသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) က ထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်က တောင် ခေါင်းလောင်းရွာ၌ တပ်စွဲထားသည့် စစ်ကော်မရှင် စခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ နာရီခန့် အကြာ တွင် အဆိုပါစခန်းကို ယာယီသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ထံမှ ၆၀ မမ ဗုံးသီး ၁၀ လုံး၊ အီတာဂါ ၂ လုံးနှင့် စစ်အသုံးအဆောင် ဆက်စပ်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်တော် (KNLA) တပ်မဟာ (၄) အထူးတပ်ဖွဲ့၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT) နှင့် သရက်ချောင်းပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (TPDGF – TYC) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ထားဝယ်မြို့နယ်၊ မောင် မယ်ရှောင်ကျေးရွာရှိ စစ်ကော်မရှင် ၏ (GTC) တပ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦး သေဆုံးခဲ့သည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရှိန်မြှင့်တင်နေသည့်အတွက် ပြည်သူများ အနေဖြင့် စစ်ရေးအထူးသတိပြု သွားလာနေထိုင်ကြရန် DNLA က တိုက်တွန်းထားသည်။

ထို့ပြင် စစ်ကော်မရှင် တပ်မှ အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ရှိနိုင်သောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကိုလည်း လိုက်နာ ကျင့်သုံးကြရန် အသိပေးထားသည်။

ယခုကဲ့သို့ တော်လှန်ရေးစစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ ပြည်သူ့ဘက်မှ ရပ်တည်လိုသည့် စစ်ကော်မရှင် တပ်မှ စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံ ပူးပေါင်းကြရန် DNLA က ထပ်မံတိုက်တွန်းထားကြောင်း သိရသည်။

ဓာတ်ပုံ-DNLA

#ပုလော

#စခန်းသိမ်း

#PSM_News

#DNLA

By Htet Ko