ရန်ပုံငွေအခက်အခဲကြောင့် ဆိုမာလီယာနိုင်ငံရှိ စားနပ်ရိက္ခာအကူအညီများ ရက်သတ္တပတ်အနည်းငယ်အတွင်း ရပ်တန့်သွားနိုင်ကြောင်း WFP သတိပေး PSM(NEWS) ဖေဖော်ဝါရီလ ၂၁ ၊ ၂၀၂၆ ဆိုမာလီယာနိုင်ငံတွင် ဆောင်ရွက်နေသော အသက်ကယ်စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ ကူညီထောက်ပံ့မှုများသည် ရန်ပုံငွေအသစ် ထပ်မံမရရှိပါက လာမည့် ဧပြီလတွင် အပြီးတိုင်ရပ်တန့်သွားနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သောကြာနေ့တွင် ပြောကြားလိုက်သည်။ ယင်းအခြေအနေကြောင့် လူသန်းပေါင်းများစွာသည် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။ မိုးခေါင်ရေရှားမှု၊ ပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ လျော့နည်းလာမှုတို့ကြောင့် ဆိုမာလီယာတွင် လူဦးရေ ၄.၄ သန်းခန့်မှာ စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး၊ ယင်းတို့အနက် ၁ သန်းနီးပါးမှာ ပြင်းထန်သော ငတ်မွတ်ဘေးကို ကြုံတွေ့နေရကြောင်း WFP က ဆိုသည်။ “အခြေအနေတွေက စိုးရိမ်စရာကောင်းလောက်အောင် ပိုမိုဆိုးရွားလာနေပါတယ်” ဟု WFP ၏ အရေးပေါ်အခြေအနေ ပြင်ဆင်မှုနှင့် တုံ့ပြန်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ရော့စ် စမစ် က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ “မိသားစုတွေဟာ ရှိသမျှအရာအားလုံး ဆုံးရှုံးခဲ့ရပြီး အများစုကတော့ အစွန်းရောက် အခြေအနေကို ရောက်နေပါပြီ။ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ ချက်ချင်းမရဘူးဆိုရင် အခြေအနေတွေဟာ အလျင်အမြန် ပိုဆိုးသွားပါလိမ့်မယ်” ဟု ရော့စ် စမစ် က ဆိုသည်။ ဆိုမာလီယာနိုင်ငံသည် မိုးရွာသွန်းမှု ဆက်တိုက်နည်းပါးခဲ့ပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာလတွင် အမျိုးသားအဆင့် မိုးခေါင်ရေရှား အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။ ဆိုမာလီယာတွင် အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီဖြစ်သည့် WFP သည် ရန်ပုံငွေရှားပါးမှုကြောင့် ယခုနှစ်အစပိုင်းတွင် လူဦးရေ ၂.၂ သန်းကို ကူညီပေးခဲ့ရာမှ ယခုအခါ ၆ သိန်းကျော်အထိ လျှော့ချခဲ့ရသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အာဟာရဆိုင်ရာ အစီအစဉ်များကိုလည်း သိသိသာသာ လျှော့ချထားရသည်။ အကြီးအကျယ် ငတ်မွတ်ခေါင်းပါးမည့် ဘေးအန္တရာယ်ကို နိုင်ငံတကာအကူအညီများဖြင့် သီသီလေး ရှောင်လွှဲနိုင်ခဲ့သည့် ၂၀၂၂ ခုနှစ်က ကဲ့သို့ပင် ယခုအခါတွင်လည်း အလားတူ အကျပ်အတည်းနှင့် ထပ်မံရင်ဆိုင်နေရကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။ မတ်လမှ ဩဂုတ်လအထိ လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် အမေရိကန်ဒေါ်လာ ၉၅ သန်း အရေးပေါ် လိုအပ်နေသည်။ “ကျွန်တော်တို့ အခုလျှော့ချထားတဲ့ အကူအညီတွေသာ ရပ်ဆိုင်းသွားမယ်ဆိုရင် လူသားချင်းစာနာမှု၊ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေဟာ အလွန်ဆိုးရွားပါလိမ့်မယ်။ အဲဒီအကျိုးဆက်တွေဟာ ဆိုမာလီယာ နယ်စပ်ထက်တောင် ကျော်လွန်ပြီး သက်ရောက်မှု ရှိသွားနိုင်ပါတယ်” ဟု ရော့စ် စမစ်ကသတိပေးပြောကြားခဲ့သည်။ ကိုးကား Reuters #ဆိုမာလီယာ #ရန်ပုံငွေအခက်အခဲ #စားနပ်ရိက္ခာ #ရပ်တန့် #WFP_သတိပေး #PSM_News Post navigation အမေရိကန်တရားရုံးချုပ် သမ္မတ ထရန့်၏ တစ်ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန်များကို ပယ်ချ အာရှဂုဏ်ဆောင် မင်းသမီးကြီး မီရှဲယိုး လော့စ်အိန်ဂျလိစ်မြို့ ဟောလိဝုဒ်ဂုဏ်ပြုလမ်းမပေါ်တွင် ကြယ်ပွင့်အဖြစ် မှတ်တမ်းတင်ခံရ