PSM(News)

ဇူလိုင် ၂၀ ၊ ၂၀၂၆

အာဏာလု စစ်အုပ်စုသည် (၇၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည့် ယမန်နေ့ ဇူလိုင် ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းရှိ မအီ၊ သံတွဲနှင့် ပုဏ္ဏားကျွန်း စသည့် မြို့ သုံးမြို့ကို လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ငါး ဦး သေဆုံးပြီး သံဃာတော်များ အပါအဝင် ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (ULA/AA) က ထုတ်ပြန်သည်။

အာဏာလု စစ်တပ်သည် ဇူလိုင် ၁၉ ရက် နံနက် ၁၁ နာရီ၃၀ မိနစ်ခန့်တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့ အမှတ် (၂) နှင့် အမှတ် (၃) ရပ်ကွက်များသို့ ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲမှုကြောင့် အရပ်သား ပြည်သူ ငါး ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး သံဃာတော် တစ် ပါးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ခရစ်ယာန် ဘုရားကျောင်း တစ်ဆောင်နှင့် ပြည်သူ့နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ရသည်။

ထို့အပြင် အာဏာလု စစ်တပ်၏ ဂျက်ဖိုက်တာများသည် ယင်းနေ့ ညနေ ၄ နာရီ ၆ မိနစ်မှ ၄ နာရီ ၂၄ မိနစ်အထိ သံတွဲမြို့အတွင်းသို့ နာရီဝက်နီးပါးကြာအောင် ၅ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ လေး ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ရွာအနီး ရေပေါက်ချောင်းခွဆုံနှင့် တောင်ပေါက်ဘုန်းကြီးကျောင်း အနီးသို့ ဂျက်ဖိုက်တာ တစ်စင်းဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ သံဃာတော် နှစ်ပါးနှင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အာဏာလု စစ်အုပ်စုသည် ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ တစ်ရက်တည်း၌ပင် လေကြောင်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စုစုပေါင်း ပြည်သူ ငါး ဦး သေဆုံးကာ သံဃာတော် သုံး ပါး အပါအဝင် စုစုပေါင်း ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာလု စစ်အုပ်စု၏ ယခုကဲ့သို့ လုပ်ရပ်များသည် ၎င်းတို့ ပြောဆိုနေသည့် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်သံ နှင့် တွေ့ဆုံဆွေးနွေးပွဲများမှာ အပြောနှင့်အလုပ် ထပ်တူကျမှု ရှိမရှိ မေးခွန်းထုတ်စရာ ဖြစ်ကြောင်းလည်း ULA/AA က ထုတ်ပြန်ထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေဖြင့် အာဏာလု စစ်အုပ်စု၏ ထိုးစစ် မှန်သမျှကို ရခိုင်ပြည်သူများ၊ မိမိတို့အား ယုံကြည်အားကိုးသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် နယ်မြေထိစပ်နေသော မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ၍ မဖြစ်မနေ တုံ့ပြန်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AA Info Desk

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed