PSM(News) ဇူလိုင် ၁၉၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘော်ကျော်ဟဲအား စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းအပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များက ကြိုဆိုကြောင်း သိရသည်။ KNLA နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် ဒေါင်းမင်းစစ်ကြောင်းမှ ရဲမေတစ်ဦးက PDF တပ်ဖွဲ့ဝင် အများစုသည် ဗိုလ်ချုပ်ကြီး စောဘော်ကျော်ဟဲ စစ်ဦးစီးချုပ်ဖြစ်လာခြင်းအပေါ် ဝမ်းမြောက်ကြ ကြောင်းနှင့် အပြောင်းအလဲအသစ်တစ်ရပ်အနေဖြင့် ရှေ့ဆက်ဖြစ်ပေါ်လာမည့် စစ်ရေးအခြေအနေ များကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း PSM News ကို ပြောကြားသည်။ ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် အနားယူသွားသော KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏ နေရာတွင် ဗိုလ်ချုပ်ကြီး စောဘော်ကျော်ဟဲကို အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ “အများစု ကတော့ ဝမ်းသာကြတယ်။ အပြောင်းအလဲ အသစ်တစ်ရပ်အနေနဲ့ ဘာတွေ ဖြစ်လာမလဲ ကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ ပြည်သူတွေမျှော်လင့်တဲ့ စစ်ရေးသတင်းတွေပဲ ဖြစ်လာရင် တော့ ကောင်းတာပေါ့ရှင့်” ဟု ဒေါင်းမင်းစစ်ကြောင်းမှ PDF ရဲမေက ဆိုသည်။ ဗိုလ်ချုပ်ကြီး စောဘော်ကျော်ဟဲသည် KNLA တပ်မဟာ (၅) ၏ တပ်မှူးအဖြစ် တိုက်ရည်ခိုက်ရည် ကောင်းသူတစ်ဦးအဖြစ် ကျော်ကြားပြီး၊ လက်ရှိတွင် KNLA နှင့် NUG-PDF များ ပူးပေါင်းကာ စစ်မျက်နှာဖွင့်ထားသော တောင်ပိုင်းတိုင်းစစ်ဒေသ တပ်မှူးတာဝန်ကိုလည်း ပူးတွဲယူထားသဖြင့် PDF များနှင့် ဆက်ဆံရေး ကောင်းမွန်သူဖြစ်သည်။ “KNLA စစ်ဦးစီးချုပ်နေရာမှာ အဖူးဘော်ကျော်ဟဲ ဖြစ်လာတာဟာ ကောင်းတဲ့ကိစ္စတွေ အများကြီး ရှိပါတယ်။ NUG လက်အောက်ခံ PDF တပ်ရင်းတွေနဲ့လည်း ဆက်ဆံရေးအားဖြင့် ကောင်းသလို စစ်ရေးအရလည်း ပြတ်ပြတ်သားသား ရှိပါတယ်” ဟု PDF စစ်ရေးသတင်းရင်းမြစ်က PSM ကိုပြောသည်။ အာဏာလုစစ်အုပ်စုအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်လေ့ရှိသည့် ဗိုလ်ချုပ်ကြီး စောဘော်ကျော်ဟဲ စစ်ဦးစီးချုပ်ဖြစ်လာခြင်းကြောင့် PDF များနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် စစ်ဆင်ရေးများ ပိုမို အားကောင်းလာဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိသည်။ သို့သော် ကရင်တော်လှန်ရေး၏ သဘောသဘာဝအရ သက်ဆိုင်ရာ တပ်မဟာမှူးများ၏ အခန်းကဏ္ဍနှင့် နယ်မြေအလိုက် အရင်းအမြစ်သုံးစွဲနိုင်မှု အကန့်အသတ်များရှိသဖြင့် တောင်ပိုင်းတိုင်းစစ်ဒေသတွင် ထင်သာမြင်သာရှိသည့် စစ်ရေးအပြောင်းအလဲများ ချက်ချင်းဆိုသလို ရှိနိုင်ဦးမည်မဟုတ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက ထောက်ပြသည်။ “သက်ဆိုင်ရာ တပ်မဟာမှူးတွေကလည်း အရေးပါတာရယ်၊ နယ်မြေ သဘောသဘာဝအရ အရင်း အမြစ်သုံးစွဲနိုင်မှုမှာလည်း အကန့်အသတ်ရှိတော့ အများကထင်သလိုမျိုး ချက်ချင်းကြီး ပြောင်းသွား မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေနဲ့ အခုထက်ပိုတဲ့ ဆက်ဆံရေး ကောင်းတွေ၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေမှာ ပိုကောင်းလာနိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ၎င်းက ဆိုသည်။ KNU သည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာလုယူပြီးနောက် နွေဦးတော်လှန်ရေး ကနဦးကာလအတွင်း ၎င်းတို့နယ်မြေအတွင်းသို့ တိမ်းရှောင်လာသည့် နိုင်ငံရေးသမားများ၊ CDM များ၊ နယ်ပယ်စုံမှ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များကို ခိုလှုံခွင့်ပေးခဲ့ပြီး PDF များကို စစ်သင်တန်းပေးရာ၌ အစောဆုံးစာရင်းတွင်ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။ ဓာတ်ပုံ-KNU Post navigation ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် ၇၉ နှစ်ပြည့် အာဇာနည် နေ့ကို နိုင်ငံတကာသံရုံးများ ဂါရဝပြုထုတ်ပြန်ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းဆို ၇၉ နှစ်မြောက် အာဇာနည်နေ့တွင် အာဏာလု စစ်အုပ်စုက ရခိုင်ပြည်နယ်ရှိ မြို့ ၃ မြို့ကို လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ ၅ ဦး သေဆုံး၊ သံဃာတော်များအပါအဝင် ၂၇ ဦး ဒဏ်ရာရ