PSM (News)

ဇူလိုင် ၂၀၊ ၂၀၂၆

ဇူလိုင်လ ၁၉ ရက်နေ့တွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ၏ မြို့တော် ကိယက်ဗ်ကို ပဲ့ထိန်းဒုံးကျည်များဖြင့် စစ်ပွဲအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက တရားဝင် ပြောကြားသည်။

မြို့တော်၏ နယ်မြေအသီးသီးတွင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုအတွင်း ဒုံးကျည်အမျိုးအစားပေါင်း ၄၁ စင်းကို အသုံးပြုခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံများ၊ ဂိုဒေါင်များ၊ စူပါမားကတ်များနှင့် ကျောင်းသားအဆောင်များ ပျက်စီးခဲ့ရကြောင်း ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုက အတည်ပြု ပြောကြားသည်။

ယူကရိန်းစစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် ရုရှားပစ်ခတ်လိုက်သော ဒုံးကျည် ၄၁ စင်းအနက် ၁၈ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ ယူကရိန်းအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ အရေးပေါ်လိုအပ်နေပြီး၊ နိုင်ငံတကာ မိတ်ဖက်များအနေဖြင့် ကာကွယ်ရေးလက်နက်များ အမြန်ဆုံး ထောက်ပံ့ပေးရန် သမ္မတ ဇယ်လန်းစကီးက တိုက်တွန်းထားသည်။

ထို့အပြင် ခါကိဗ်ဒေသတွင်လည်း တိုက်ခိုက်မှုများကြောင့် လူ ၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ၊ ဆူမီဒေသရှိ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုကိုလည်း ရုရှားတို့က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ကိုးကား- Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed