PSM(News)

ဇူလိုင် ၂၀၊၂၀၂၆

အမေရိကန်စစ်သည်နှစ်ဦး ဂျော်ဒန်နိုင်ငံတွင် ကျဆုံးခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များက အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များကို ရှစ်ရက်မြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် က ထုတ်ပြန်သည်။

စနေနေ့ညပိုင်းကစတင်၍ အမေရိကန်တပ်ဖွဲ့များသည် အီရန်နိုင်ငံ၏ ကမ်းရိုးတန်းစောင့်ကြည့်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေး စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

ဂျော်ဒန်နိုင်ငံတွင် အီရန်၏ တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည်နှစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ စစ်ပွဲစတင်ချိန်မှစ၍ ကျဆုံးခဲ့သည့် အမေရိကန်စစ်သည် ၁၆ ဦးအထိ ရှိလာခဲ့သည်။

အီရန်နိုင်ငံဘက်ကလည်း ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ကူဝိတ်၊ ဘာရိန်းနှင့် ဂျော်ဒန်နိုင်ငံတို့တွင်လည်း အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကို ကြားဖြတ်ဖျက်ဆီးခဲ့ရသည်။

ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသွားလာရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် အီရန်တို့အကြား အားပြိုင်မှု ပြင်းထန်လာနေပြီး၊ အီရန်စစ်တပ်က သင်္ဘောနှစ်စင်း “မတော်တဆ” ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော ဤပဋိပက္ခသည် စွမ်းအင်သယ်ယူပို့ဆောင်ရေးကို ကြီးမားစွာ ထိခိုက်စေပြီး ကမ္ဘာ့ ငွေကြေးဖောင်းပွမှုအပေါ်စိုးရိမ်မှုများ မြင့်တက်စေလျက်ရှိသည်။ အီရန်ဘက်ကလည်း အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၅၀ ကျော်နှင့် ဒဏ်ရာရသူ ၅၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။

ကိုးကား-Reuters

By Htet Ko