PSM(NEWS) ဧပြီ ၂၀ ၊၂၀၂၆ အတွေ့အကြုံမရှိသေးသော အမေရိကန်ညှိနှိုင်းရေးအဖွဲ့သည် အီရန်နိုင်ငံနှင့် ရေရှည်ပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ အပေါ်ယံဆန်သည့် မူဘောင်သဘောတူညီချက်တစ်ခုကို အလျင်စလိုရယူရန် ကြိုးပမ်းနေခြင်းအပေါ် ဥရောပမဟာမိတ်နိုင်ငံများက စိုးရိမ်မကင်းဖြစ်နေကြောင်း အီရန်အရေး ကျွမ်းကျင်သည့် သံတမန်များက ပြောကြားလိုက်သည်။ သမ္မတ ဒေါ်နယ်ထရမ့် အတွက် သံတမန်ရေးရာ အောင်မြင်မှုတစ်ခုအဖြစ် ပြသနိုင်ရန် ဝါရှင်တန်အစိုးရသည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပိတ်ဆို့မှုများဖြေလျှော့ရေးဆိုင်ရာ အပေါ်ယံသဘောတူညီချက်တစ်ခုကို အမြန်ဆုံးချုပ်ဆိုရန် အားသန်နေခြင်း ဖြစ်သည်။ သို့သော် ယင်းသို့လုပ်ဆောင်ခြင်းသည် နည်းပညာပိုင်းဆိုင်ရာ အလွန်ရှုပ်ထွေးလှသည့် နောက်ဆက်တွဲညှိနှိုင်းမှုများတွင် နှစ်ရှည်လများ အကျပ်အတည်းဖြစ်စေနိုင်ကြောင်း ၎င်းတို့က သတိပေးထားသည်။ “သဘောတူညီချက် မရမှာကို စိုးရိမ်တာမဟုတ်ပါဘူး၊ အောက်ခြေပြဿနာတွေကို အဆုံးမသတ်နိုင်တဲ့ မကောင်းတဲ့ ကနဦးသဘောတူညီချက်မျိုး ဖြစ်သွားမှာကို စိုးရိမ်တာပါ” ဟုဥရောပဝါရင့်သံတမန်တစ်ဦးက ဆိုသည်။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အန်နာ ကယ်လီ ကမူ “သမ္မတ ထရမ့်ဟာ အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိမယ့် သဘောတူညီချက်တွေကို ရယူပေးနိုင်တဲ့ သမိုင်းကြောင်းရှိပြီးသားပါ။ အမေရိကန်ကို ဦးစားပေးတဲ့ သဘောတူညီချက်မျိုးကိုပဲ လက်ခံမှာပါ” ဟု တုံ့ပြန်ပြောကြားခဲ့သည်။ ၂၀၀၃ ခုနှစ်ကတည်းက အီရန်နှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သည့် ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့မှာ ယခုဆွေးနွေးပွဲများတွင် ဘေးဖယ်ခံထားရသည်ဟု သံတမန်များက ဆိုသည်။ သမ္မတ ထရမ့်သည် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သော နျူကလီးယားသဘောတူညီချက် (JCPOA) မှ ၂၀၁၈ ခုနှစ်တွင် နုတ်ထွက်ခဲ့ပြီး ယင်းကို “အလွန်ဘက်လိုက်သော သဘောတူညီချက်” ဟု ခေါ်ဆိုခဲ့သည်။ ယခုလအစောပိုင်းတွင် အမေရိကန်နှင့် အီရန်ညှိနှိုင်းရေးမှူးများသည် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့၌ ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ပြီး နျူကလီးယားကန့်သတ်မှုနှင့် စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ရေးတို့ကို အဓိကထား ဆွေးနွေးနေကြသည်။ အီရန်နိုင်ငံတွင် လက်ရှိရှိနေသည့် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ ၄၄၀ ကီလိုဂရမ် (၉၇၀ ပေါင်) ခန့်ကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည့်အချက်မှာ အဓိကအငြင်းပွားဖွယ် ဖြစ်နေသည်။ အဆိုပါယူရေနီယံများကို အီရန်အတွင်း၌ပင် ရောနှောဖျက်ဆီးပစ်ရန် သို့မဟုတ် ပြည်ပသို့ တင်ပို့ရန် ရွေးချယ်စရာများရှိနေပြီး တူရကီနှင့် ပြင်သစ်နိုင်ငံတို့ကို လက်ခံမည့်နေရာများအဖြစ် အမည်ထွက်နေသည်။ သို့သော် ယူရေနီယံများ ပြန်လည်ရယူရေး၊ ပမာဏအတည်ပြုရေးနှင့် ဘေးကင်းစွာ သယ်ယူပို့ဆောင်ရေးတို့အတွက် အချိန်ယူညှိနှိုင်းရန် လိုအပ်မည်ဖြစ်သည်။ “၂၀၁၅ သဘောတူညီချက်က ဘာကြောင့် စာမျက်နှာ ၁၆၀ တောင် ရှိရသလဲဆိုတာ ဒါကြောင့်ပါပဲ” ဟု အနောက်နိုင်ငံ သံတမန်တစ်ဦးက ပြောသည်။ အီရန်နိုင်ငံအနေဖြင့် နိုင်ငံရပ်ခြားတွင် ပိတ်မိနေသည့် ၎င်းတို့၏ ရန်ပုံငွေများကို ပြန်လည်အသုံးပြုခွင့်ရရန် အဓိကလိုလားနေသည်။ ထို့အပြင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် “ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန်” အာမခံချက်ကိုလည်း တောင်းဆိုနေသည်။ ဥရောပအရာရှိများကမူ အမေရိကန်ညှိနှိုင်းရေးအဖွဲ့တွင် လိုအပ်သော ကျွမ်းကျင်မှုပိုင်း အားနည်းနေကြောင်း ဝေဖန်ထားသည်။ ၂၀၁၅ ခုနှစ် ဆွေးနွေးပွဲများတွင် နျူကလီးယားနှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူပေါင်း ၂၀၀ ခန့် ပါဝင်ခဲ့သော်လည်း ယခုအဖွဲ့တွင် ထိုသို့မတွေ့ရကြောင်း ၎င်းတို့က ထောက်ပြကြသည်။ အိမ်ဖြူတော်အရာရှိတစ်ဦးကမူ အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေးဌာနနှင့် ကာကွယ်ရေးဌာနတို့မှ တာဝန်ရှိသူများ အစ္စလာမ္မာဘတ်မြို့တွင် ရှိနေပြီး ဆွေးနွေးမှုများ၌ ဆက်လက်ပါဝင်နေကြောင်း ပြောကြားခဲ့သည်။ ကိုးကား Reuters Post navigation ဟော်မုဇ်ရေလက်ကြားတွင် တင်းမာမှုများ ပြန်လည်မြင့်တက်လာပြီး အီရန်ရေတပ်က သင်္ဘောများကို ပစ်ခတ် ပြင်သစ်နှင့် ဂရိနိုင်ငံတို့ ငါးနှစ်သက်တမ်းရှိ ကာကွယ်ရေးစာချုပ်ကို သက်တမ်းတိုးမည်