PSM(News)

ဇွန် ၁၁၊ ၂၀၂၆

မကွေးတိုင်းအတွင်း ဖမ်းဆီးရမိထားသည့် အာဏာလုစစ်အုပ်စု၏ ဆေးတပ်သားဗိုလ်ကြီးတစ်ဦးကို နိုင်ငံတကာ စစ်သုံ့ပန်းဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်း အခြေခံမူများနှင့်အညီ လူသားချင်းစာနာ ထောက်ထားမှုကို ရှေးရှု၍ မကွေးတိုင်းစစ်ဌာနထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ယမန်နေ့ ဇွန် ၁၀ ရက်နေ့တွင် ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းခံရသည့် စစ်ဆေးဗိုလ်ကြီးမှာ ဘိုဘို ဆိုသူဖြစ်ပြီး ၎င်းကို ပြီးခဲ့သည့် မတ် ၁ ရက်နေ့က ချောက် – ဆိတ်ဖြူ လမ်းပိုင်းတွင် ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်စဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်သုံ့ပန်းကို မေ ၈ ရက်နေ့တွင် လွှဲပြောင်းခဲ့ခြင်းဖြစ်ပြီး လွှဲပြောင်းခဲ့သည့်နေ့မှစတင်ကာ စစ်သုံ့ပန်းဆေးဗိုလ်ကြီးအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဘေးကင်းလုံခြုံရေး တာဝန်ယူခြင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မကွေးတိုင်းစစ်ဌာနမှ အပြည့်အဝတာဝန်ယူ ဆောင်ရွက်သွားမည်ဟု နှစ်ဦးနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-ဧရာဒေါင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *