PSM(NEWS) ဧပြီ ၂၀၊၂၀၂၆ အီရန်စစ်ပွဲ အခြေအနေများကြောင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် နှစ်နိုင်ငံကြား လုံခြုံရေးစာချုပ် သက်တမ်းတိုးရန်အတွက် လာမည့်အပတ်တွင် ဂရိနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဂရိအစိုးရတာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်နိုင်ငံများဖြစ်ကြသည့် ပြင်သစ်နှင့် ဂရိတို့သည် ၂၀၂၁ ခုနှစ်တွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါစာချုပ်အရ နိုင်ငံတစ်ခုခု တိုက်ခိုက်ခံရပါက အပြန်အလှန် ကူညီကြရန် သဘောတူထားပြီး ဂရိနိုင်ငံက ပြင်သစ်ထုတ် ဖရီးဂိတ်စစ်သင်္ဘော ၃ စီးနှင့် ရာဖေးလ်တိုက်လေယာဉ် ၂၄ စီးခန့် ဝယ်ယူသည့် အစီအစဉ်များလည်း ပါဝင်ခဲ့သည်။ သမ္မတ အီမန်နျူရယ် မက်ခရွန်၏ ဧပြီလ ၂၄ ရက်မှ ၂၅ ရက်အထိ ကြာမြင့်မည့် ဂရိခရီးစဉ်အတွင်း အဆိုပါသဘောတူညီချက်ကို နောက်ထပ် ငါးနှစ်သက်တမ်းတိုးမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင်လည်း အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။ ထို့အပြင် သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ဂရိအစိုးရတို့သည် ရေကြောင်းလုံခြုံရေးနှင့် ဟော်မုဇ်ရေလက်ကြားအရေးတို့ကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။ အမေရိကန်နှင့် အီရန်တို့ကြား ရရှိထားသော ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းမကုန်ဆုံးမီ ရက်ပိုင်းအလိုတွင် အီရန်က အဆိုပါမဟာဗျူဟာမြောက် ရေလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်လိုက်သဖြင့် တနင်္ဂနွေနေ့တွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကုန်စည်ပို့ဆောင်မှုများ ရပ်တန့်နေခဲ့သည်။ ဂရိနိုင်ငံသည် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို အကာအကွယ်ပေးရန် ဥရောပသမဂ္ဂ၏ ရေတပ်စစ်ဆင်ရေးကို ဦးဆောင်နေသော်လည်း ဟော်မုဇ်ရေလက်ကြားအတွင်း မည်သည့်စစ်ရေးလှုပ်ရှားမှုမျိုးတွင်မဆို ပါဝင်ရန် ငြင်းဆန်ထားသည်။ ကိုးကား Reuters Post navigation အမေရိကန်-အီရန် မူဘောင်သဘောတူညီချက် အလျင်စလိုလုပ်ဆောင်ပါက နည်းပညာပိုင်းဆိုင်ရာ အကျပ်အတည်းများ ဖြစ်လာနိုင်ဟု မဟာမိတ်များ စိုးရိမ် လန်ဒန်ရှိ ဂျူးဘာသာရေးဆိုင်ရာနေရာများအား မီးရှို့တိုက်ခိုက်မှုနောက်ကွယ်တွင် အီရန်လက်ဝေခံများ ပါဝင်ခြင်းရှိမရှိ ဗြိတိန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ