PSM(News)

ဇွန် ၁၁၊ ၂၀၂၆

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အထူးလှုပ်ရှားတပ်မက ကြီးမှူး၍ တော်လှန်ရေး ကာလအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ရဲဘော် ၁၂၄ ဦးအား ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဇွန်လ ၆ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဂုဏ်ပြုခံရဲဘော်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အထူးလှုပ်ရှားတပ်မမှ စစ်သည်ရဲဘော်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး တာဝန်ရှိသူများက အမှာစကား ပြောကြားခဲ့ကြသည်။ ထို့ပြင် တော်လှန်ရေးအတွက် ပေးဆပ်ခဲ့ကြသည့် ရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့် ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၅ နှစ်တာ တော်လှန်ရေးခရီးကြမ်းအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ စွန့်လွှတ်ခဲ့ ရသည့် အထူးလှုပ်ရှားတပ်မမှ အရာရှိနှင့် ရဲဘော် စုစုပေါင်း ၁၂၄ ဦး အပါအဝင် ညီနောင်တော်လှန်ရေး တပ်ဖွဲ့အသီးသီးမှ ရဲဘော်များ၏ စွန့်လွှတ်စွန့်စားမှုများကို ပြည်သူလူထုနှင့် ရဲဘော်များအားလုံးက အစဉ်အမြဲ လေးမြတ်စွာ ဂုဏ်ပြုမှတ်တမ်းတင်နေမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အထူးလှုပ်ရှားတပ်မ၏ တပ်မကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *