PSM(News)

မတ် ၂၀ ၊ ၂၀၂၆

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာမှသာလျှင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့်အတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် တန်းတူညီမျှသော တရားမျှတမှုကို ခံစားရစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် မတ် ၁၇ ရက်နေ့က ကျင်းပသည့် (၇၀) ကြိမ်မြောက် အမျိုးသမီးများ၏ အဆင့်အတန်းဆိုင်ရာ ကော်မရှင် (Commission on the Status of Women – CSW) အစည်းအဝေးတွင် သံအမတ်ကြီးက ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်သူများအတွက် တရားမျှတမှုဆိုသည်မှာ အတွေးအခေါ်သက်သက်မဟုတ်ဘဲ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်ရရှိရေးတို့အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အချိုးမညီမျှသော ဖိနှိပ်မှုများကို စနစ်တကျ ခံစားနေရပြီး၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ် မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အကျပ်အတည်းများ၏ အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်သာဖြစ်ပြီး ၎င်းတို့ကျူးလွန် ထားသည့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် အတုအယောင် ရွေးကောက်ပွဲများသည် တရားစီရင်မှုမှ ရှောင်တိမ်းရန် လုပ်ဆောင်ချက်များသာဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။

ထို့ပြင် ပြည်တွင်းဥပဒေစနစ်သည်လည်း စစ်အုပ်စု၏ ဖိနှိပ်မှုကိရိယာတစ်ခုအဖြစ်သာ တည်ရှိနေပြီး နစ်နာသူများမှာ တရားမျှတမှုမှ ငြင်းပယ်ခြင်းခံနေရကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အမျိုးသမီးဦးဆောင်သည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရန်၊ ရှေ့တန်းမှ လုပ်ဆောင်နေသူ များထံသို့ ရေရှည်တည်တံ့သော ရန်ပုံငွေများ ပံ့ပိုးပေးရန်၊ စစ်အုပ်စုအပေါ် လက်နက်နှင့် လေယာဉ်ဆီ စီးဆင်းမှုများ ဖြတ်တောက်ရန်နှင့် နိုင်ငံတကာ တရားရေးယန္တရားများဖြင့် အရေးယူမှုများ လုပ်ဆောင်၍ ဝိုင်းဝန်းကူညီရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၏ တော်လှန်ရေးတွင် အမျိုးသမီး လူ့အခွင့်အရေးကာကွယ်သူများနှင့် တက်ကြွလှုပ်ရှား သူများသည် ရှေ့တန်းမှ ရဲစွမ်းသတ္တိရှိရှိ ပါဝင်နေကြပြီး လွတ်မြောက်နယ်မြေများတွင်လည်း တော်လှန်ရေးအင်အားစုများက အသိုက်အဝန်းအခြေပြု အုပ်ချုပ်မှုများကို တည်ထောင်ကာ ပြည်သူ့ဝန်ဆောင်မှုများနှင့် တရားစီရင်ရေးယန္တရားများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း သံအမတ် ကြီးက ဂုဏ်ပြုပြောကြားခဲ့သည်။

#မြန်မာနိုင်ငံ

#ဖက်ဒရယ်ဒီမိုကရေစီ

#အမျိုးသမီးများ

#တန်းတူညီမျှ

#တရားမျှတမှု

#သံအမတ်ကြီးဦးကျော်မိုးထွန်း

#PSM_News

By Htet Ko