PSM(News)

မတ် ၁၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပျူစောထီးခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းဆီးရမိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRA) က ထုတ်ပြန်သည်။

မင်းကင်းမြို့နယ်၊ မင်းရွာမှ ထွက်လာသော ပျူစောထီးများနှင့် SRA ကင်းလှည့်အဖွဲ့တို့သည် မတ်လ ၁၈ ရက်၊ နံနက် ၈ နာရီ၃၀မိနစ်ခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း မင်းရွာမှ ပျူစောထီး ခေါင်းဆောင် ဦးသန်းထွန်းကို လက်ရဖမ်းဆီးရမိခဲ့သည့်အပြင် နင်းမိုင်းတစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၁၀ နာရီ၃၀မိနစ်တွင် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးနှင့် မိုင်းထောင် ခြင်းများ ပြုလုပ်နေစဉ် မင်းရွာနှင့် အင်ကြင်းတောင်ရွာဘက်မှ ထွက်လာသော ပျူစောထီးအင်အား ၃၀ ခန့်နှင့် ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့သည်။

တော်လှန်ရေးရဲဘော်များ ထောင်ထားသော မိုင်းမိသဖြင့် ပျူစောထီးများဘက်မှ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း SRA က ဆိုသည်။

လက်ရှိတွင် ပျူစောထီးအဖွဲ့များသည် အရပ်ရပ်တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် ဂရုတစိုက် နေထိုင်ကြရန် ကျောင်းသားတော်လှန်ရေး တပ်တော် (SRA) က အထူးသတိပေးထားသည်။

ဓာတ်ပုံ-SRA

#ပျူစောထီး

#မင်းကင်း

#မင်းရွာ

#လက်ရဖမ်းဆီးရမိ

#စစ်ရေးသတိ

#PSM_News

By Htet Ko