PSM(News)

မတ် ၂၀၊ ၂၀၂၆

၂၀၂၅ ၊ ဇန်နဝါရီလမှ ၂၀၂၆ ၊ မတ်လ ဒုတိယပတ်အထိ ၁၅ လတာကာလအတွင်း စစ်ကော်မရှင် လက်အောက်မှနေ၍ တော်လှန်ရေးအဖွဲ့အစည်းများထံ အလင်းဝင်ပူးပေါင်းသူနှင့် လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂,၉၇၆ ဦး အထိ ရှိလာပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင် က ကောက်ယူထားသည့် မှတ်တမ်းများအရ သိရသည်။

ယခုမတ်လ ဒုတိယပတ် မတ် ၈ ရက်မှ ၁၄ ရက် အတွင်းမှာပင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် နေပြည်တော်တို့မှ စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စုဆောင်းခံရသည့် စစ်မှုထမ်းတပ်သားသစ်များ အပါအဝင် စစ်သားနှင့် ရဲ စုစုပေါင်း ၁၁ ဦး ထပ်မံအလင်းဝင်ရောက်လာခဲ့ကြောင်း ပြည်သူ့ပန်းတိုင်ထံမှ သိရသည်။

အလင်းဝင်ရောက်လာသူများမှာ စစ်ကိုင်းတိုင်းမှ စစ်သား ငါး ဦး၊ မကွေးတိုင်းမှ စစ်သား နှစ် ဦးနှင့် စစ်သုံ့ပန်း နှစ် ဦး၊ နေပြည်တော်တိုင်းမှ ရဲတပ်ဖွဲ့ဝင် နှစ် ဦးတို့ ဖြစ်ကြောင်း သိရသည်။

ထိုသို့အလင်းဝင်ရောက်လာကြသူများအနက် အလင်းဝင်လာသည့် စစ်သား ခုနစ် ဦးစလုံးသည် စစ်ကော်မရှင်က အတင်းအဓမ္မ စုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်ဖြစ်သည်ကို ထူးခြားချက် အနေဖြင့် တွေ့ရသည်။

စစ်ခေါင်းဆောင်၏ အာဏာတည်မြဲရေး ရည်ရွယ်ချက်အတွက် အောက်ခြေစစ်သည်များ၏ အသက်နှင့် မိသားစုဘဝများစွာ စတေးခံနေရခြင်းကြောင့် စစ်သားများအနေဖြင့် အိမ်ပြန်နိုင်ရန်ရည်ရွယ်၍ အလင်းဝင် ရောက်မှုများ ပိုမိုပြုလုပ်လာကြခြင်းဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် လွှတ်တော်အတု နှင့် အစိုးရအသစ်ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်း နေသော်လည်း မြေပြင်တွင် အောက်ခြေစစ်သည်များမှာ နီးစပ်ရာ တော်လှန်ရေး အဖွဲ့အစည်းများသို့ ဆက်သွယ်၍ လက်နက်ချ အလင်းဝင်ရောက်မှုများလုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ-ပြည်သူ့ပန်းတိုင်

#ပြည်သူ့ပန်းတိုင်

#အလင်းဝင်

#လက်နက်ချ

#စစ်မှုထမ်းတပ်သားသစ်

#စစ်ကော်မရှင်

#PSM_News

By Htet Ko

You missed