PSM(News)

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ ရဲဘော်များအနေဖြင့် ၎င်းတို့ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများကို သက်ဆိုင်ရာထံ အပ်နှံကြရန် ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်စွဲဖြင့် အသိပေး နှိုးဆော် ထုတ်ပြန်ထား သည်။

ယင်းမာပင်ခရိုင် တပ်ရင်းများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးကိုဖမ်းဆီးရန်အတွက် BNRA တပ်စခန်းရှိရာသို့ သွားရောက်ခဲ့ရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးသည် ၎င်းကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် ဖမ်းဆီးခြင်းမခံဘဲ စစ်ကော်မရှင်ထံသို့ ရဟတ်ယာဉ်ဖြင့် လိုက်ပါသွားကာ ပူးပေါင်းသွားခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ပါ၍ ယင်းမာပင်ခရိုင်အတွင်းရှိ BNRA အဖွဲ့မှ ထုတ်ပေးထားသော လက်နက်များကို ကိုင်ဆောင်ထားသည့် ရဲဘော်များအနေဖြင့် မိမိတို့ နေထိုင်ရာ ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ အမြန်ဆုံး ချိတ်ဆက်၍ ကိုင်ဆောင်ထားသော လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို လာရောက်အပ်နှံ ကြရန် အကြောင်းကြားထားသည်။

ထို့ပြင် BNRA အဖွဲ့အစည်းမှ ထုတ်ပေးထားသော လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချ ခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်ဆီးခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ဆေး ပေါ်ပေါက်ပါက တည်ဆဲဥပဒေများအတိုင်း ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

သက်ဆိုင်ရာ ရပ်/ကျေး/တိုက်နယ် ပကဖ နှင့် ပအဖ အဖွဲ့များအနေဖြင့်လည်း မိမိတို့ နယ်မြေအတွင်း အခြေချ နေထိုင်သော BNRA ရဲဘော်များ ရှိပါက ဤသတင်းစကားအား ပါးပေးရန်နှင့် ခရိုင်/မြို့နယ် ပကဖ တာဝန်ခံများနှင့် ချိတ်ဆက်ပေးကြရန် အကြောင်းကြားထားသည်။

လက်ရှိတွင် BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်မှာ PDF/ပကဖ အဖွဲ့များထံသို့ လက်နက်အပ်နှံကာ တော်လှန်ရေး အင်အားစုများနှင့် ပြန်လည်ပူးပေါင်းလျက် ရှိကြောင်း သိရသည်။

#ဗိုလ်နဂါး

#BNRA

#ယင်းမာပင်

#ပကဖ

#လက်နက်အပ်နှံခြင်း

#PSM_News

By Htet Ko