PSM (News) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆ ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ကျင်းပမည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို အသုံးချ၍ ချင်းပြည် နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းမှ ဦးတည်တိုက်ခိုက်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်သည်။ စစ်ကော်မရှင်သည် ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက် နံနက်အစောပိုင်းက ချင်းပြည်နယ် ဟားခါးမြို့နယ်နှင့် ဖလမ်းမြို့နယ်များရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကော်မရှင်သည် ပြည်သူများ အိပ်မောကျနေချိန် ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၁ နာရီမှ ၁ နာရီ ၃၀ မိနစ်အတွင်း ဟားခါးနှင့် ဖလမ်းမြို့နယ်တို့ရှိ ကျေးရွာ သုံးရွာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးအဆိုပါ တိုက်ခိုက်မှုများကြောင့် ဘုရားကျောင်းများနှင့် လူနေအိမ်များ ပျက်စီးသွားကာ အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကော်မရှင်သည် နံနက် ၁ နာရီ ၂၈ မိနစ်ခန့်တွင် ဟားခါးမြို့နယ် စင်ခွာကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စင်ခွာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း (CBC) နှင့် ဗေသနိနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း (BBC) အနီးသို့ ကျရောက်ခဲ့သည်။ အဆိုပါ ဗုံးကြဲမှုကြောင့် အသက် ၅ နှစ်အရွယ် KG တန်း ကျောင်းသားကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူ အပါအဝင် စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအနက် သက်ကြီးရွယ်အို အမျိုးသား ၂ ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများရရှိသဖြင့် ဟားခါးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ပြင် ဘုရားကျောင်း ၂ ကျောင်းနှင့် နေအိမ် ၇ လုံး ပျက်စီးခဲ့ပြီး အိမ်ခြေ ၂ လုံးမှာ လုံးဝ ပြာကျပျက်စီးခဲ့ကြောင်း CHRO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းနောက် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဖလမ်းမြို့နယ်ရှိ လုမ်ဗန်ကျေးရွာအတွင်းသို့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ နံနက် ၁ နာရီခန့်က ဟားခါးမြို့နယ် ဇုတ်ခွာကျေးရွာအတွင်းသို့ ဗုံး ၃ လုံး ကြဲချခဲ့သဖြင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်သည် ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသော်လည်း ဟားခါးမြို့တွင် ချင်းအမျိုးသားနေ့ အခမ်းအနားများကို ခမ်းနားစွာ ကျင်းပရန် ပြင်ဆင်နေခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းကို အခြေအနေများ ပုံမှန်ဖြစ်နေသယောင် လှည့်စားရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း CHRO က ဆိုသည်။ ကလေးငယ်များ အိပ်ရာထဲတွင် ဗုံးကြဲခံနေရပြီး ဘုရားကျောင်းများမှာ စစ်ရေးပစ်မှတ်သဖွယ် တိုက်ခိုက်ခံနေရသည့် အခြေအနေသည် စနစ်တကျ ကျူးလွန်သည့် နိုင်ငံတော်အဆင့် အကြမ်းဖက်မှုဖြစ်ပြီး၊ အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုထားသည်။ ဓာတ်ပုံ – CHRO #ချင်းပြည်နယ် #လေကြောင်းတိုက်ခိုက်မှု #စစ်ကော်မရှင် #CHRO #PSM_News Post navigation ဒရုန်းနှင့် AI နည်းပညာကြောင့် ပြောင်းလဲလာသော ယူကရိန်းစစ်မျက်နှာ အမေရိကန်တရားရုံးချုပ် သမ္မတ ထရန့်၏ တစ်ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန်များကို ပယ်ချ