PSM(NEWS)

ဖေဖော်ဝါရီ၊၂၀၊ ၂၀၂၆

ကရိန်းစစ်ပွဲသည် ပဉ္စမမြောက်နှစ်သို့ ချဉ်းနင်းဝင်ရောက်လာသည်နှင့်အမျှ ဒရုန်းနည်းပညာသည် ရှေ့တန်းစစ်မျက်နှာတွင် လုံးဝဥဿုံလွှမ်းမိုးထားနိုင်သည့် အဓိကလက်နက် ဖြစ်လာခဲ့သည်။

ရုရှား၏ ကျူးကျော်စစ်စတင်ခဲ့သည့် လေးနှစ်တာကာလအတွင်း စစ်မြေပြင်၏ အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍမှာ တင့်ကားများနှင့် ခြေလျင်တပ်များထက် ဒရုန်းများဆီသို့ ကူးပြောင်းသွားခဲ့ပြီး ခေတ်သစ်စစ်ပွဲပုံစံကို တစ်ကမ္ဘာလုံးက အထူးတလည် စောင့်ကြည့်ရသည့် အခြေအနေသို့ ရောက်ရှိလာသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး မိုင်ခိုင်လို ဖယ်ဒိုရော့ဗ် ၏ အဆိုအရ စစ်မြေပြင်တွင် ဖြစ်ပေါ်နေသော ထိခိုက်ပျက်စီးမှု ၈၀ ရာခိုင်နှုန်းခန့်မှာ ဒရုန်းများကြောင့်ဖြစ်ပြီး ယနေ့ခေတ်စစ်ပွဲများတွင် ဒရုန်းမပါဘဲ စစ်ဆင်နွှဲရန်မှာ လုံးဝမဖြစ်နိုင်တော့ကြောင်း သိရသည်။

လက်ရှိတွင် ရှေ့တန်းစစ်မျက်နှာ၏ ၂၀ ကီလိုမီတာ (၁၂ မိုင်) အထိ နယ်မြေကို “သေမင်းတမန်ဇုန်” (Kill zone) ဟု သတ်မှတ်ထားကြပြီး နှစ်ဖက်စလုံး၏ ဒရုန်းများက အချိန်နှင့်အမျှ စောင့်ကြည့်နေသောကြောင့် မည်သည့်အရာမျှ အလွယ်တကူ မရှင်သန်နိုင်သည့် အခြေအနေဖြစ်နေသည်။

ထို့ကြောင့် တင့်ကားများနှင့် သံချပ်ကာယာဉ်များမှာ အလွန်နှေးကွေးပြီး အလွယ်တကူ ပစ်မှတ်ထားခံနေရသောကြောင့် စစ်သည်များသည် အုပ်စုငယ်များဖြင့်သာ အလျင်အမြန် လှုပ်ရှားနေရသည်။

ယူကရိန်းတပ်ဖွဲ့များသည် ဒဏ်ရာရစစ်သည်များကို ကယ်ထုတ်ရန်နှင့် ရိက္ခာပို့ဆောင်ရန်အတွက်ပင် လူသားများအစား မြေပြင်မောင်းသူမဲ့ယာဉ် (Ground Drones) များကို အစားထိုးအသုံးပြုလာရသည်။

နည်းပညာတိုက်ပွဲအဖြစ် ရုရှားဘက်က လှိုင်းနှောင့်ယှက်မှု (Electronic Jamming) ကို ခံနိုင်ရည်ရှိသည့် ဖိုင်ဘာအော့ပတစ် (Fibre-optic) ကြိုးတပ်ဒရုန်းများကို အားကိုးတကြီး အသုံးပြုလာကြသည်။

ဤစနစ်သည် ဒရုန်းနှင့် ထိန်းချုပ်သူအကြား အလွန်ပါးလွှာသော ကြိုးဖြင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းဖြစ်၍ ရေဒီယိုလှိုင်းနှောင့်ယှက်မှုများကို ကျော်လွှားနိုင်သော်လည်း ရှေ့တန်းစစ်မျက်နှာရှိ လယ်ကွင်းပြင်များတွင် ကြိုးမျှင်တန်းများဖြင့် ရှုပ်ထွေးသော မြင်ကွင်းများကို ဖြစ်ပေါ်စေသည်။

တစ်ဖက်တွင်လည်း ယူကရိန်းသည် စတားလင့်ခ် (Starlink) ဂြိုဟ်တုအင်တာနက်နှင့် ဥာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုကာ ပစ်မှတ်ကို အတိအကျထိမှန်နိုင်သည့် Terminal Guidance စနစ်များကို တီထွင်လာခဲ့သည်။

သို့သော်လည်း နည်းပညာရှင် အဲရစ် ရှမစ် နှင့် စစ်မြေပြင်မှ စစ်သည်များ၏ အဆိုအရ နည်းပညာမည်မျှပင် တိုးတက်လာပါစေ၊ နယ်မြေတစ်ခုကို အောင်နိုင်ရန်အတွက် လူသားစစ်သည်များ၏ အခန်းကဏ္ဍမှာ အစားထိုး၍မရသေးဘဲ ဒရုန်းများသည် လူသားများကို အဓိကအထောက်အကူပြုပေးသည့် လက်နက်များအဖြစ်သာ ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။

ကိုးကားAFP

#ယူကရိန်း

#နည်းပညာတိုက်ပွဲ

#ဂြိုဟ်တုအင်တာနက်

#ဥာဏ်ရည်တု_AI

#ဒရုန်း

#PSM_News

By Htet Ko