PSM(NEWS) ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၆ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ပျက်ပြယ်လုနီးပါးဖြစ်နေသည့်ဂါဇာဒေသပြန်လည်ထူထောင်ရေးအတွက် နိုင်ငံကိုးနိုင်ငံက အလှူငွေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံထည့်ဝင်ရန်သဘောတူညီခဲ့ကြကြောင်းသမ္မတဒေါ်နယ်ထရမ့်ကကြာသပတေးနေ့တွင်ကျင်းပသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace)၏ပထမဆုံးအကြိမ်အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့သည်။ အလှူငွေထည့်ဝင်မည့်နိုင်ငံများမှာ ကာဇက်စတန်၊ အဇာဘိုင်ဂျန်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ မော်ရိုကို၊ဘာရိန်း၊ကာတာ၊ ဆော်ဒီအာရေဗျ၊ဥဇဘက်ကစ္စတန်နှင့် ကူဝိတ်နိုင်ငံတို့ ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ဆိုသည်။ “ဒီမှာသုံးစွဲလိုက်တဲ့ဒေါ်လာတိုင်းဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ညီညွတ်မျှတတဲ့အနာဂတ်မျှော်လင့်ချက်အတွက် ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်”ဟုအလှူရှင်နိုင်ငံများကိုကျေးဇူးတင်စကားပြောကြားရင်း၎င်းကထည့်သွင်းပြောဆိုခဲ့သည်။ အဆိုပါအလှူငွေပမာဏမှာနည်းပါးသည်မဟုတ်သော်လည်းနှစ်နှစ်ကြာစစ်ပွဲအတွင်းပျက်စီးသွားခဲ့သည့်ပါလက်စတိုင်းပိုင်နက်ကိုပြန်လည်တည်ဆောက်ရန်လိုအပ်သည်ဟု ခန့်မှန်းထားသည့် ဒေါ်လာ ၇၀ ဘီလီယံ၏အစိတ်အပိုင်းအနည်းငယ်သာ ရှိသေးသည်။ ထို့အပြင်အမေရိကန်ပြည်ထောင်စုအနေဖြင့်ငြိမ်းချမ်းရေးဘုတ်အဖွဲ့သို့ဒေါ်လာ၁၀ဘီလီယံထည့်ဝင်မည်ဟုလည်းဒေါ်နယ်ထရမ့်ကကြေညာခဲ့သော်လည်း အဆိုပါငွေကို မည်သည့်နေရာတွင် အတိအကျ အသုံးပြုမည်ဆိုသည်ကိုမူရှင်းလင်းစွာ မပြောကြားခဲ့ပေ။ ဂါဇာပဋိပက္ခကို အဆုံးသတ်ရန် ဒေါ်နယ်ထရမ့်ချမှတ်ထားသည့် အချက်၂၀ပါငြိမ်းချမ်းရေးစီမံကိန်း၏အစိတ်အပိုင်းအဖြစ်ဤဘုတ်အဖွဲ့ကို စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေးနောက်ပိုင်းတွင်ဤဘုတ်အဖွဲ့၏ရည်မှန်းချက်မှာ အစ္စရေးနှင့် ဟားမတ်စ်ကြား ငြိမ်းချမ်းရေးရယူရန်သာမက ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခများကို ဖြေရှင်းပေးရန်အထိပိုမိုကျယ်ပြန့်လာခဲ့သည်။ ဤသို့အခန်းကဏ္ဍချဲ့ထွင်လာမှုအပေါ်အမေရိကန်သမ္မတသည်ကုလသမဂ္ဂကိုယှဉ်ပြိုင်မည့်အဖွဲ့အစည်းတစ်ခုဖန်တီးနေခြင်းဖြစ်နိုင်သည်ဟုစိုးရိမ်မှုများမြင့်တက်နေသည်။ ယင်းဝေဖန်မှုများအပေါ်ဒေါ်နယ်ထရမ့် က ပြန်လည်တုံ့ပြန်ရာတွင် ၎င်း၏ဘုတ်အဖွဲ့သည်နောင်တစ်ချိန်တွင်ကုလသမဂ္ဂကိုပိုမိုခိုင်မာလာစေရန်အထောက်အကူပြုလိမ့်မည်ဟု ဆိုသည်။ “တစ်နေ့ကျရင် ကျွန်တော် ဒီမှာရှိတော့မှာ မဟုတ်ပေမဲ့ ကုလသမဂ္ဂကတော့ ရှိနေဦးမှာပါ။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာကုလသမဂ္ဂကိုစနစ်တကျလည်ပတ်အောင်စောင့်ကြည့်တည့်မတ်ပေးမယ့်အဖွဲ့အစည်းတစ်ခုဖြစ်လာပါလိမ့်မယ်”ဟု၎င်းကပြောကြားခဲ့သည်။ အစည်းအဝေးသို့အင်ဒိုနီးရှားသမ္မတပရာဗိုဝိုဆူဘီယန်တိုအာဂျင်တီးနားသမ္မတ ဟာဗီယာ မီလိုင်နှင့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်တို့ဝါရှင်တန်သို့ကိုယ်တိုင်လာရောက်တက်ရောက်ခဲ့ကြသည်။ ဂျာမနီ၊အီတလီ၊နော်ဝေ၊ဆွစ်ဇာလန်နှင့်ယူနိုက်တက်ကင်းဒမ်းအပါအဝင် နိုင်ငံပေါင်း၁၂နိုင်ငံကျော်မှာမူ အဖွဲ့ဝင်အဖြစ်မဝင်ရောက်သေးဘဲလေ့လာသူအဖြစ်သာတက်ရောက်ခဲ့ကြသည်။ အဖွဲ့ဝင်အဖြစ်ဝင်ရန်တွန့်ဆုတ်နေသည့် နိုင်ငံများနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့် က “တချို့ကတော့ အကဲစမ်းနေကြတာပေါ့။ကျွန်တော့်ကိုတော့ အကဲလာစမ်းလို့ မရပါဘူး”ဟုသတိပေးပြောကြားခဲ့သည်။ အစည်းအဝေး၏အဓိကဆွေးနွေးချက်တစ်ခုမှာဟားမတ်စ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန်နှင့် လုံခြုံရေးထိန်းသိမ်းရန်နိုင်ငံတကာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖွဲ့စည်းရေးဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်အထိအင်ဒိုနီးရှားနိုင်ငံတစ်နိုင်ငံတည်းကသာအဆိုပါတပ်ဖွဲ့တွင်ပါဝင်ရန်ကတိပြုထားသေးသည်။ အမေရိကန်အခြေစိုက် International Crisis Group မှ မိုက်ကယ်ဟန်နာက“ဂါဇာအရေးထက်ကျော်လွန်တဲ့လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်လို့ရှင်းလင်းမှုမရှိတာကြောင့်အမေရိကန်ရဲ့မဟာမိတ်အများအပြားဟာဒီဘုတ်အဖွဲ့မှာပါဝင်ဖို့ငြင်းဆန်နေကြတာဟာအံ့သြစရာမဟုတ်ပါဘူး”ဟုသုံးသပ်ပြောကြားခဲ့သည်။ ကိုးကား AP #PSM_News #ဂါဇာပြန်လည်ထူထောင်ရေး #ဒေါ်လာဘီလီယံ #ငြိမ်းချမ်းရေးဘုတ်အဖွဲ့သစ် #စိုးရိမ်မကင်း #အမေရိကန် Post navigation ဩဂုတ်နှင့် စက်တင်ဘာလအတွင်း ကျင်းပမည့် G20 ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးများကို အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားတွင် လက်ခံကျင်းပမည် ဒရုန်းနှင့် AI နည်းပညာကြောင့် ပြောင်းလဲလာသော ယူကရိန်းစစ်မျက်နှာ