PSM (News)

စက်တင်ဘာ ၂၊၂၀၂၆

ထိုင်းနိုင်ငံ၊ချာနာ စံပြရပ်ရွာအသိုက်အဝန်းမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော်က ချာနာ စက်မှုဇုန်စီမံကိန်းကို ထောက်ခံအားပေးကြောင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဝန်ကြီးချုပ် အာနုတင် ချန်ဝီရကူးထံ တောင်းဆိုချက် ငါးရပ်တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါတောင်းဆိုချက်များတွင် ရပ်ရွာပိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်လိုင်စင်ရရှိရေး၊ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်ထိန်းသိမ်းမှု စနစ်များ ပါဝင်ရေး၊ ဒေသန္တရ အခွန်ဘဏ္ဍာဝင်ငွေ ခွဲဝေမှုနှင့် လူမှုရေးရာ တာဝန်ယူမှု (CSR) လုပ်ငန်းများတွင် ဒေသခံများ ပါဝင်ခွင့်ရရှိရေးတို့ ပါဝင်သည်။ အကယ်၍ အစိုးရအနေဖြင့် ယင်းတောင်းဆိုချက်များကို တုံ့ပြန်ဆောင်ရွက်ရန် ပျက်ကွက်မည်ဆိုပါက စီမံကိန်းကို ဆန့်ကျင်သွားရန် ပြင်ဆင်ထားကြောင်း အဆိုပါ အသိုက်အဝန်းက အသိပေးထားသည်။

အဆိုပါ တောင်းဆိုချက် ငါးရပ်စလုံးကို လက်ခံသွားနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဖီဖတ်ရတ်ချာကစ်ပရာကန် က ပြောကြားခဲ့သော်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်လိုင်စင်နှင့် ပတ်သက်၍မူ ဥပဒေပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်မှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ဆိုသည်။

ထို့အပြင် တောင်ပိုင်းနယ်စပ်ဒေသတစ်ဝိုက်ရှိ လူငယ်များ အခြားဒေသများသို့ ရွှေ့ပြောင်းကာ အလုပ်လုပ်ကိုင်နေရမှုများကို ဟန့်တားနိုင်ရန်နှင့် ဒေသတွင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်အတွက် ဝန်ထမ်းခန့်အပ်ရာတွင် ဒေသခံများကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိ ဦးစားပေးခန့်အပ်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

ကိုးကား-The Nation Thailand

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *