PSM (News)

ဩဂုတ်၂၊၂၀၂၆

မော်ရိုကိုနိုင်ငံမှ စပိန်ပိုင် ဆီယူတာ နယ်မြေအတွင်းသို့ ရွှေ့ပြောင်းအခြေချသူများ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂ၏ နယ်စပ်ဖြတ်သန်းခွင့် ကင်းလွတ်ခွင့်ရှိသော ရှန်ဂန် သဘောတူညီချက်ကို စပိန်နိုင်ငံအတွက် တစ်လကြာ ရပ်ဆိုင်းလိုက်ကြောင်း အီတလီနိုင်ငံက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

သို့သော်လည်း အဆိုပါ အစီအမံသည် စပိန်နိုင်ငံသားများ သို့မဟုတ် အီတလီသို့ ခရီးသွားရောက်ကြသည့် အခြားသော ဥရောပသမဂ္ဂ (EU) နိုင်ငံသားများကို ထိခိုက်စေမည် မဟုတ်ဘဲ စပိန်မှ လေကြောင်း သို့မဟုတ် ရေကြောင်းဖြင့် ရောက်ရှိလာကြသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်မဟုတ်သော နိုင်ငံခြားသားများကိုသာ ပစ်မှတ်ထား စစ်ဆေးသွားမည်ဖြစ်ကြောင်း အစိုးရက ဆိုသည်။

“ဒါဟာ အမျိုးသားလုံခြုံမှုကို ကာကွယ်ဖို့နဲ့ ကျွန်ုပ်တို့ရဲ့ နိုင်ငံအပေါ် ဖြစ်လာနိုင်ချေရှိတဲ့ သက်ရောက်မှုတွေကို တားဆီးဖို့အတွက် အထူးအစီအမံအနေနဲ့ ကျင့်သုံးတာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အီတလီနိုင်ငံသည် စပိန်နိုင်ငံနှင့် ကုန်းလမ်းနယ်စပ်ချင်း မထိစပ်သော်လည်း၊ မှတ်ပုံတင်မထားသည့် ရွှေ့ပြောင်းအခြေချသူများ ဖြတ်သန်းမှုကို တားဆီးရန်ဖရန်ကို-အီတလီ နယ်စပ်တစ်လျှောက် စစ်ဆေးမှုများ တင်းကျပ်ရန် ပဲရစ်မြို့နှင့် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆီယူတာ နယ်မြေအတွင်းသို့ ဝင်ရောက်လာကြသူ ၅၀,၀၀၀ ကျော်အနက် အများစုမှာ မော်ရိုကိုဘက်သို့ ဆန္ဒအလျောက် ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း စပိန်နိုင်ငံက ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ နယ်စပ်စစ်ဆေးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ရှန်ဂန် နယ်မြေအတွင်း နိုင်ငံပေါင်း ၂၉ နိုင်ငံတို့သည် နိုင်ငံကူးလက်မှတ် ပြသစရာမလိုဘဲ လွတ်လပ်စွာ သွားလာနိုင်သော်လည်း အဖွဲ့ဝင်နိုင်ငံများသည် လုံခြုံရေး သို့မဟုတ် အများပြည်သူ တည်ငြိမ်အေးချမ်းရေး အကြောင်းပြချက်များဖြင့် နယ်စပ်စစ်ဆေးမှုများကို ယာယီပြန်လည်ကျင့်သုံးပိုင်ခွင့် ရှိသည်။

ဝန်ကြီးချုပ် မီလိုနီ၏ လက်ယာစွန်းအစိုးရ၏ ဤလုပ်ရပ်သည် ပြည်တွင်းရေးရာ မဲဆွယ်မှုသက်သက်သာ ဖြစ်ကြောင်း ဝေဖန်သူများက ရှုတ်ချခဲ့ကြပြီး၊ ဆီယူတာသို့ ရောက်ရှိလာကြသည့် ရွှေ့ပြောင်းအခြေချသူများအနေဖြင့် အီတလီဘက်သို့ ဆက်လက်သွားရောက်လိုသည့် ဆန္ဒရှိကြောင်း ပြသသည့် လက္ခဏာ တစ်စုံတစ်ရာ မရှိသေးကြောင်း ထောက်ပြပြောဆိုခဲ့ကြသည်။

၂၀၂၂ ခုနှစ်တွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို လျှော့ချမည်ဟု ကတိပေးကာ အာဏာရလာခဲ့သည့် မီလိုနီ၏ ညွန့်ပေါင်းအစိုးရသည် လက်ယာစွန်း နိုင်ငံရေးသမား ရိုဘတ်တို ဗန်နာချီ ဦးဆောင်သော ပါတီသစ်၏ ဖိအားပေးမှုကို ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ တင်းကျပ်သည့် လုံခြုံရေးဆိုင်ရာ ရပ်တည်ချက်ကို ပြသလာခြင်း ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko