PSM(News)

ဇူလိုင် ၂ ၊၂၀၂၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ကမ်းဘေး ၅ မိုင်ပတ်လည်တွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် ကြိုတင် ရွှေ့ပြောင်း တိမ်းရှောင်ကြရန် ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဇွန်လ ၃၀ ရက်နေ့တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။

အာဏာလုစစ်အုပ်စုက ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲအတွက် စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းရန် တိုက်ခိုက်ရေးစစ်သင်္ဘော နှစ် စင်းအပါအဝင် ရေယာဉ် ၂၀ ခန့်ဖြင့် မန္တလေးဘက်မှတစ်ဆင့် ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာနေခြင်းကြောင့် ယခုကဲ့သို့ အရေးပေါ် သတိပေးရခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာလုစစ်အုပ်စုသည် မိုးရာသီကာလများတွင် ကုန်းလမ်းထက် ရေလမ်းကြောင်းကို ပိုမိုအားပြုကာ လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ရွှေ့ပြောင်းဖြည့်တင်းလေ့ရှိပြီး ပြီးခဲ့သည့်နှစ်ကလည်း စစ်သင်္ဘော များအပါအဝင် ရေယာဉ် ၁၇ စင်းဖြင့် ဗန်းမော်မြို့သို့ ဆန်တက်ပြီး ရိက္ခာဖြည့်တင်းကာ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုတင်ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

လတ်တလောတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များ စိုးမိုးထားသည့် ရွှေကူနှင့် ငါးအိုးကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အာဏာလုစစ်အုပ်စုက ဗန်းမော်သို့ စစ်ကူပို့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါ မြစ်ကြောင်းတစ်လျှောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ကြိုတင်သုံးသပ် သတိပေးထားသည်။

၂၀၂၄ ခုနှစ်ဝန်းကျင်မှစတင်ခဲ့သည့် နှစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ အာဏာလု စစ်အုပ်စု၏ ကင်းစခန်းများနှင့် နယ်မြေအချို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိအချိန်အထိလည်း နှစ်ဖက်စစ်ရေးတင်းမာမှုများ မြင့်တက်နေကာ မြေပြင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပုံစာ-ရာ၀တီမြစ်ကြောင်းအတိုင်း ဗန်းမော်သို့ ဆန်တက်လာသည့် စစ်ရေယာဉ်များက်ို တော်လှန်ရေး တပ်ဖွဲ့များက တိုက်နေစဉ်။ (ပုံဟောင်း-၂၀၂၅ )

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed