PSM(News)

ဇူလိုင် ၂၊ ၂၀၂၆

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဖြစ်ပွားနေသော မြို့တွင်းတိုက်ပွဲများ၌ အာဏာလုစစ်အုပ်စုက ဓာတုဗေဒအဆိပ်ဗုံးများကို အသုံးပြု၍ တိုက်ခိုက်နေကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက PSM News ကို ပြောကြားသည်။

အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့် ဇွန်လ ပထမပတ်အတွင်းက ဟားခါးမြို့မှတစ်ဆင့် စစ်ယာဉ် တန်းဖြင့် အင်အား ၃၀၀ ခန့်ကို ထန်တလန်မြို့သို့ စစ်ကူပို့ဆောင်ခဲ့ပြီးနောက်၊ မြို့တွင်းရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

ထန်တလန်မြို့တွင်း၌ ဇွန်လ ဒုတိယပတ်မှစတင်ကာ တကျော့ပြန်မြို့တွင်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အာဏာလုစစ်အုပ်စုဘက်က ဓာတုဗေဒပါဝင်သည့် အဆိပ်ဗုံးများကိုပါ အသုံးပြု၍ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကိုယ့်ရဲဘော်တွေ အာဏာလုစစ်အုပ်စုရဲ့ ဒရုန်းဗုံးခိုးတွေကြောင့် မူးပြီး အော့အန်တာတွေ ရှိတယ်။ ဓာတုဗေဒ (Chemical) တစ်မျိုးမျိုးတော့ သုံးတာ သေချာတယ်။ သုံးနေတာ နှစ်ပတ်လောက်တော့ ရှိပြီ” ဟု ဆလိုင်းထက်နီက ပြောသည်။

လက်ရှိတွင် ထန်တလန်မြို့တွင်း နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ် ထားဆဲဖြစ်ပြီး တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိသည်။

“နေ့စဉ်ရက်ဆက်ပါပဲ။ သူတို့ လက်နက်ကြီးနဲ့ ဒရုန်း တော်တော်သုံးတယ်။ မနေ့က ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးသွားတယ်၊ ထိခိုက်မှု အနည်းငယ်လည်း ရှိတယ်” ဟု ဆလိုင်းထက်နီက ဆက်လက်ပြောဆိုသည်။

အာဏာလုစစ်အုပ်စုသည် ယခုကဲ့သို့ အဆိပ်ပါသည့် ဓာတုဗေဒဗုံးများကို ထန်တလန်မြို့တိုက်ပွဲအပြင် ကရင်၊ ကရင်နီ (ကယား)၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် နိုင်ငံတစ်ဝန်းရှိ အခြားသော စစ်မျက်နှာများ တွင်လည်း အသုံးပြုခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ချင်းပြည်နယ်အတွင်း ဟားခါးမြို့နှင့် မိုင် ၂၀ ကျော်ခန့်အကွာတွင် တည်ရှိသော ထန်တလန်မြို့ကို အာဏာလုစစ်အုပ်စုက ၂၀၂၁ ခုနှစ် ကုန်ပိုင်းတွင် မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ တော်လှန် ရေးတပ်ဖွဲ့များက မြို့ကို စီးနင်းတိုက်ခိုက်ခဲ့သော်လည်း လက်ရှိအချိန်အထိ အပြီးသတ် သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်စစ်ဆိုင်ထားသည့် ဗျူဟာမြောက် မြို့တစ်မြို့ ဖြစ်သည်။

ပုံစာ-ထန်တလန်မြို့မြင်ကွင်းကို ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed