မောင်မောင်ကဲ/PSM(News) ဇူလိုင် ၁ ၊ ၂၀၂၆ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာလုယူထားသည့် ၅ နှစ်ကျော်ကာလအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဘက်ပေါင်းစုံမှ သေဆုံးသူဦးရေ စုစုပေါင်း ၁ သိန်းကျော် (၁၀၀,၁၁၄ ဦး) ရှိလာပြီဖြစ်ကြောင်း နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Armed Conflict Location & Event Data (ACLED) က ယနေ့ ဇူလိုင် ၁ ရက်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိ ဖြစ်ပွားခဲ့သော လက်နက်ကိုင်တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကွဲမှုများနှင့် အခြားသော ပဋိပက္ခဆိုင်ရာ အကြမ်းဖက်မှုများကြောင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် အရပ်သား သေဆုံးမှု အားလုံးကို ခြုံငုံစုစည်းထားခြင်း ဖြစ်သည်။ ACLED ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် တစ်လလျှင် ပျှမ်းမျှ လူဦးရေ ၁,၅၅၀ ခန့် သေဆုံးနေရပြီး အာဏာလုစစ်အုပ်စုမှ လေကြောင်းနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုအကြိမ်ရေ ၆,၃၀၀ ကျော် ပြုလုပ်ခဲ့ရာ အရပ်သားအပါအဝင် ၄,၇၀၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် အရပ်သားများနှင့် ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖိနှိပ်မှုဖြစ်စဉ် ပေါင်း ၁၂,၂၀၀ ကျော် ရှိခဲ့သည်။ ယခုကဲ့သို့ ကမ္ဘာ့အဆိုးရွားဆုံး ပြည်တွင်းစစ်ဒဏ်ကို မကွေးတိုင်းအတွင်းရှိ ပြည်သူများလည်း ပြင်းထန်စွာ ခံစားနေရပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် စစ်တပ်၏ စစ်ကြောင်းထိုးမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံလူငယ်များနှင့် အရပ်သားအများအပြား သေဆုံးခဲ့ရ ကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောပြချက်အရ သိရသည်။ လက်ရှိတွင် အာဏာလုစစ်အုပ်စုတပ်များသည် နယ်မြေအချို့တွင် စစ်ရေးအရ ပြန်လည်အသာစီးရရန် ကြိုးပမ်းနေပြီး မကွေးတိုင်း မြစ်ခြေမြို့အပါအဝင် နယ်မြေအနှံ့အပြား၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ နေ့စဉ် ရှိနေဆဲဖြစ်သည်။ တစ်ဖက်တွင်လည်း ကုလသမဂ္ဂ (UN) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ဘေး ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ပြည်တွင်းစစ်ဘေးရှောင်ဦးရေ ၃ ဒသမ ၇ သန်းကျော် ရှိလာပြီဖြစ်ကာ စစ်ဘေးရှောင်များ ခိုလှုံရာ ဘုန်းတော်ကြီးကျောင်းများနှင့် ယာယီစခန်းများတွင်လည်း လုံုံခြုံစိတ်ချရမှုမရှိဘဲ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။ ဓာတ်ပုံ- AFP ပုံစာ-မကွေးတိုင်း ပခုက္ကူမြို့အနီးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းတွေ့ရသော မြစ်ချေမြို့ရှိ နေရပ်စွန့်ခွာရသူများ။ Post navigation ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အာဆီယံအထူးကိုယ်စားလှယ်၏ တောင်းဆိုချက်ကို အာဏာလုစစ်အုပ်စု ပယ်ချ၊ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ်ကျခံနေရသူဖြစ်၍ တွေ့ခွင့် မပြုနိုင် ဟုဆို ထန်တလန်မြို့တွင်းတိုက်ပွဲ၌ အာဏာလုစစ်အုပ်စုက ဓာတုအဆိပ်ဗုံးများ အသုံးပြုနေပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး