PSM(NEWS)

ဇူလိုင် ၂၊ ၂၀၂

အနောက်နိုင်ငံများအနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)မဟာမိတ်ဖြစ်သည့် တူရကီနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအပေါ် လူသိရှင်ကြား ဝေဖန်ပြောဆိုခြင်းကို လျှော့ချလာခဲ့ကြသည်။ယင်းအစား လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုသာ ပိုမိုအလေးပေးလုပ်ဆောင်လာကြောင်း သိရသည်။

လာမည့် ဇူလိုင် ၇ ရက်မှ ၈ ရက်အထိ အန်ကာရာမြို့တွင် ကျင်းပမည့် NATO ထိပ်သီးအစည်းအဝေးတွင်လည်း အဆိုပါကိစ္စရပ်များကို အဓိကထား ဆွေးနွေးဖွယ်မရှိကြောင်း သံတမန်များက ပြောကြားသည်။ အထူးသဖြင့် တူရကီ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ရီပတ်ဘလီကန်ပြည်သူ့ပါတီ (CHP) အပေါ် ပြုလုပ်နေသည့် ဥပဒေကြောင်းအရ ဖိအားပေးမှုများနှင့် အတိုက်အခံ သမ္မတလောင်း အီစတန်ဘူလ်မြို့တော်ဝန် အက်ခရမ် အီမာမိုဂလူကို ထောင်ဒဏ်ချမှတ်ထားသည့် ကိစ္စရပ်များအပေါ် NATO ခေါင်းဆောင်များက ဝေဖန်ရန် အစီအစဉ်မရှိပေ။

ရုရှား-ယူကရိန်း စစ်ပွဲနောက်ပိုင်းတွင် ဥရောပ၏ လုံခြုံရေးအတွက် ဒုတိယအကြီးဆုံး စစ်တပ်ပိုင်ဆိုင်ထားသည့် တူရကီသည် မရှိမဖြစ်လိုအပ်သည့် မဟာမိတ်ဖြစ်လာသည်။

အနောက်နိုင်ငံများသည် တူရကီ၏ ဒီမိုကရေစီ အခြေအနေထက် စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အပေးအယူမျှသော ဆက်ဆံရေးကိုသာ ပိုမိုအလေးပေးနေသည်။

ဤအစည်းအဝေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တူရကီနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး၊ သမ္မတ အာဒိုဂန်နှင့် ရင်းနှီးသောဆက်ဆံရေးကို ပြသရန် ရည်ရွယ်ထားသည်။

ထိပ်သီးအစည်းအဝေးမတိုင်မီ သတင်းသမား ၂၀၀ ကျော်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးထားခြင်းနှင့် မီဒီယာအချို့ကို သတင်းယူခွင့် ပိတ်ပင်ထားခြင်းများအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

အနောက်နိုင်ငံများ၏ ယခုကဲ့သို့ တိတ်ဆိတ်နေမှုသည် တူရကီ၏ ဒီမိုကရေစီစနစ် ကျဆင်းမှုကို ပိုမိုအားပေးရာရောက်ပြီး NATO ၏ အခြေခံမူဝါဒဖြစ်သည့် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုရာရောက်ကြောင်း ဝေဖန်သူများက သုံးသပ်သည်။ သို့သော် အနောက်နိုင်ငံများ၏ တူရကီအပေါ် ရပ်တည်ချက်သည် ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များကြောင့် အပြောင်းအလဲမရှိဘဲ ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းရသည်။

ကိုးကား-Reuters

By Htet Ko