PSM(NEWS)

ဇူလိုင် ၂၊ ၂၀၂၆

ဟော်မုဇ်ရေလက်ကြားအပေါ် မိမိတို့၏ ထိန်းချုပ်မှုကို နိုင်ငံတကာက အသိအမှတ်ပြုစေရန်နှင့် ပင်လယ်ကွေ့အတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်းပြုလုပ်သည့် သင်္ဘောများထံမှ အခကြေးငွေ ကောက်ခံနိုင်ရေးအတွက် အီရန်နိုင်ငံက အင်အားသုံး၍ဖြစ်စေ ဆောင်ရွက်သွားရန်စိတ် ပိုင်းဖြတ်ထားကြောင်း အီရန်အဆင့်မြင့် သတင်းရင်းမြစ် နှစ်ဦးက ပြောကြားသည်။

သုံးလကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်နှင့် သဘောတူညီခဲ့သည့် ယာယီစာချုပ်အရ အီရန်နိုင်ငံသည် ရေလက်ကြားအတွင်း သင်္ဘောများကို (၆၀) ရက်ကြာ အခမဲ့ ဖြတ်သန်းခွင့်ပြုရန် သဘောတူညီခဲ့သည်။ သို့သော်လည်း အဆိုပါသဘောတူညီချက်ပါ စာသားများသည် မည်သည့်သင်္ဘောများ ဖြတ်သန်းခွင့်ရှိသည်နှင့် ရေကြောင်းလမ်းအတိုင်း မည်သို့ သွားလာရမည်ကို အီရန်က ဆက်လက်ထိန်းချုပ်နိုင်သည်ဟု ၎င်းတို့က ယုံကြည်နေသည်။

ယာယီသဘောတူညီချက် သက်တမ်းကုန်ဆုံးပါက အဆိုပါထိန်းချုပ်မှုကို အပြီးသတ်တရားဝင် အသိအမှတ်ပြုစေရန် အီရန်နိုင်ငံက ရည်ရွယ်ထားပြီး၊ ၎င်းကိစ္စရပ်ကို သဘောတူညီမှုမရရှိမချင်း ဝါရှင်တန်နှင့် ဆက်လက်ဆွေးနွေးနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အခြားအငြင်းပွားဖွယ် ကိစ္စရပ်များဆီသို့ အီရန်ကိုယ်စားလှယ်များအနေဖြင့် ကူးပြောင်းဆွေးနွေးမည်မဟုတ်ကြောင်း သိရသည်။

ယာယီသဘောတူညီချက်ကို သက်တမ်းတိုးခြင်းမရှိပါက သြဂုတ်လလယ်တွင် သင်္ဘောများဖြတ်သန်းခအတွက် အခကြေးငွေ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း အီရန်ဘက်က ပြောဆိုသည်။

အိုမန်နိုင်ငံသည် ရေလက်ကြား၏ တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက် တည်ရှိနေပြီး အီရန်နိုင်ငံအနေဖြင့် ရေလမ်းကြောင်း သတ်မှတ်နိုင်ရန် အိုမန်နိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း တီဟီရန်မြို့က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက အီရန်ဘက်မှ ကြိုတင်ခွင့်ပြုချက်မယူဘဲ အိုမန်ဘက်ခြမ်းမှ ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့် သင်္ဘောလေးစင်းကို အီရန်က ပစ်ခတ်ခဲ့ရာ အမေရိကန်နှင့် ပြင်းထန်သော ပဋိပက္ခ အနည်းငယ် ဖြစ်ပွားခဲ့သည်။

အီရန်အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ အီရန်အနေဖြင့် ရေလက်ကြားအတွင်း မည်သည့်သင်္ဘောများ ဝင်ထွက်ခွင့်ရှိသည်ကို ရွေးချယ်ပိုင်ခွင့်၊ လုံခြုံရေးအရ ခြိမ်းခြောက်သည်ဟု ယူဆရသည့် သင်္ဘောများကို တားမြစ်ပိုင်ခွင့်နှင့် ဝန်ဆောင်ခများ ကောက်ခံပိုင်ခွင့်ရှိသည့် ပုံစံအသစ်ဖြင့်သာ စီမံခန့်ခွဲသွားမည်ဟု သိရသည်။

“နှစ်ဖက်စလုံးက သူတို့ရှုံးနိမ့်သွားပြီလို့ မယူဆကြဘူး” ဟု စိန့်အင်ဒရူးတက္ကသိုလ်မှ ခေတ်သစ်သမိုင်း ပါမောက္ခ အလီအန်ဆာရီက သုံးသပ်သည်။ ထိုပဋိပက္ခသည် ထပ်မံ၍ အရှိန်မြင့်တက်လာနိုင်သည့် အလားအလာ ပိုများနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed