PSM(NEWS)

ဇွန် ၂ ၊ ၂၀၂၆

ကမ်ဖိုင်ဖတ်ခရိုင်တွင် ဟင်းသီးဟင်းရွက် ရောင်းချနေသည့် အသက် ၂၅ နှစ်အရွယ် လားဟူတိုင်းရင်းသူ အမျိုးသမီးတစ်ဦးသည် အိပ်မက်ထဲတွင် အဘိုးအိုတစ်ဦး၏ လမ်းညွှန်ပေးမှုကြောင့် ထိုင်းနိုင်ငံ၏ ထီဆုကြီး ဘတ် ၆ သန်းကို ကံထူးသွားခဲ့ကြောင်း သိရသည်။

တာ့ခ်ခရိုင်မှ ပြောင်းရွှေ့လာသူ အင်သီရာ ဆိုင်းဆွန် သည် လက်ရှိတွင် ကိုယ်ဝန် ၅ လရှိပြီး စီးပွားရေး အခက်အခဲများဖြင့် ရုန်းကန်နေရသူ ဖြစ်သည်။ ဇွန်လ ၁ ရက်နေ့တွင် ထွက်ရှိခဲ့သည့် အစိုးရထီရလဒ်တွင် ၎င်းဝယ်ယူခဲ့သည့် “၁၇၃၇၇၀” ဂဏန်းသည် ပထမဆုနှင့် တိုက်ဆိုင်နေခြင်း ဖြစ်သည်။

အင်သီရာက “အိပ်မက်ထဲမှာ အဘိုးအိုတစ်ယောက် ပေါ်လာပြီး ဒီဂဏန်းကို ဝယ်ဖို့ ပြောပါတယ်။ တကယ်လို့ ဆုပေါက်ရင်လည်း သူ့ကိုယ်စား ကုသိုလ်ကောင်းမှုတွေ လုပ်ပေးဖို့ မှာကြားခဲ့ပါတယ်” ဟု သတင်းထောက်များအား ပြောပြသည်။ နောက်တစ်ရက်တွင် ထီရောင်းသူတစ်ဦးထံ၌ ၎င်း၏ အိပ်မက်နှင့် ကိုက်ညီသည့် ဂဏန်းကို တွေ့ရှိခဲ့ပြီးနောက် ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

ဆုကြီးပေါက်ကြောင်း သိရှိလိုက်ရချိန်တွင် အင်သီရာမှာ ဝမ်းသာလွန်ပြီး မျက်ရည်ကျခဲ့ရသည်။ ၎င်းသည် ဟင်းသီးဟင်းရွက် လုပ်ငန်းအတွက် အကြွေးများ တင်နေသည့်အတွက် စီးပွားရေး အကြပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ကံထူးခဲ့ခြင်း ဖြစ်သည်။

ဈေးတွင်းရှိ အခြားဈေးသည်များကလည်း ၎င်း၏ ကံထူးမှုအတွက် ဝိုင်းဝန်း ဂုဏ်ပြုခဲ့ကြသည်။ အင်သီရာက ၎င်း၏ ကလေးငယ်မှာ ကံဇာတာကို ခေါ်ဆောင်လာပေးခြင်း ဖြစ်နိုင်ကြောင်း ယုံကြည်နေပြီး၊ ဆုငွေအချို့ကို တာ့ခ်) ခရိုင်ရှိ ဒွိုင်မူဆာရွာမှ ဘုန်းတော်ကြီးကျောင်းသို့ လှူဒါန်းကာ အိပ်မက်ထဲမှ အဘိုးအိုအား ပေးထားသည့် ကတိကို ပြည့်ဝစေမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းအနေဖြင့် ဆက်လက်ပြီး ဟင်းသီးဟင်းရွက်ရောင်းချသည့် လုပ်ငန်းကိုလုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ကိုးကား- Khaosod

By Htet Ko

You missed