PSM(News)

မတ် ၂ ၊ ၂၀၂၆

စစ်ကော်မရှင်က ယနေ့ (မတ်လ ၂ ရက်) တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၉,၃၀၀ ကျော် ကို လွတ်ငြိမ်းခွင့်ပေးပြီး အခြားအမှုရင်ဆိုင်နေရသူ ၁၂,၀၀၀ ကျော် ကိုလည်း အမှုပိတ်သိမ်းပေးကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အရေးကြီးပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား အများစုမှာမူ ယင်းလွတ်ငြိမ်းခွင့်တွင် အကျုံးဝင်ခြင်းမရှိဘဲ ချန်လှပ်ခံထားရကြောင်း သိရသည်။

စစ်ကော်မရှင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ယနေ့တွင် အမိန့်အမှတ် ၅ မှ ၉ အထိ အမိန့် ငါး စောင်ဆင့်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအမိန့်များအနက် အမိန့်အမှတ် ၈/၂၀၂၆ အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် ၅၂(က) တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၇,၃၃၇ ဦး ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။

ယနေ့လွတ်မြောက်လာသည့် အကျဉ်းသား ၉,၀၀၀ ကျော်မှာလည်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) ၏ ခြွင်းချက်ဖြင့် လွှတ်ပေးခြင်းဖြစ်ပြီး၊ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ပေါင်း၍ ဆက်လက်ကျခံရမည်ဟူသော ခံဝန်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။

“လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပေမဲ့ ၄၀၁(၁) ခြွင်းချက်နဲ့ လွှတ်တာမို့ တကယ်တမ်းက ထောင်ပြင်ပ ခြေချုပ်မိနေသလိုပါပဲ” နိုင်ငံရေဒအကျဉ်းသားဟောင်းဖြစ်ခဲ့သူတစ်ဦးက PSM ကိုပြောသည်။

အဆိုပါ လွတ်မြောက်လာသူများထဲတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည့် မှတ်တမ်းတင်ရုပ်ရှင်ဒါရိုက်တာ မရှင်ဒေဝီ ယနေ့ညနေပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းအတည်ပြုချက်များ ထွက်ပေါ်လာသည်။

သို့သော်လည်း အလားတူပုဒ်မများအပြင် အခြားသောပုဒ်မများဖြင့်ပါ ထောင်ဒဏ် ၁၅ နှစ်ကျော် ချမှတ်ခံထားရသည့် နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ရှေ့နေ ဒေါ်ရွက်နုအောင် နှင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံထားရသည့် ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် တို့ကဲ့သို့ ထင်ရှားသည့် ပုဂ္ဂိုလ်များ အမှန်တကယ် လွတ်မြောက်လာခြင်း ရှိ၊ မရှိကိုမူ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးဘဲ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

စစ်ကော်မရှင်က တစ်ဖက်တွင်လည်း နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူ အများစု ငြိစွန်းနေသည့် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စသည့် အရေးကြီးပုဒ်မများကို လွတ်ငြိမ်းခွင့်မပြုဘဲ အတိအလင်း ချန်လှပ်ထားခဲ့သည်။

ထို့အပြင် ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရသူ ၁၂,၄၈၇ ဦးကို အမှုပိတ်သိမ်းပေးခဲ့သော်လည်း ယင်းမှာ အကျဉ်းထောင်အတွင်းရှိသူများထက် အပြင်တွင် ဝရမ်းထုတ်ခံထားရသူများကို ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#စစ်ကော်မရှင်

#အကျဉ်းသားသောင်းချီလွှတ်ပေး

#အရေအတွက်ပြ

#အရေးကြီးပုဒ်မ

#နိုင်ငံရေးအကျဉ်းသားများ

#အကျုံးမဝင်

#PSM_News

By Htet Ko