PSM(News)

မတ် ၂ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

ပုလဲမြို့နယ်အတွင်း၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစကာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခြင်းဖြစ်ကြောင်း ပုလဲ-ပကဖ တာဝန်ရှိသူ ဦးဇော်ထက်က PSM News ကို အတည်ပြု ပြောကြားသည်။

ယခုထိုးစစ်သည် ပုလဲမြို့နယ်အခြေစိုက် BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်အုပ်စုထံ လက်နက်ချပြီး နောက်ပိုင်း စစ်အုပ်စုက ဒေသတွင်းကို စစ်ကြောင်းများအလုံးအရင်းဖြင့်စေလွှတ်ကာ နယ်မြေစိုးမိုးရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယအပတ်အတွင်းက ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီ (တရုတ်ကြေးနီစီမံကိန်း) အခြေပြုစစ်ကြောင်းနှင့် ပုလဲမြို့အခြေပြုစစ်ကြောင်းတို့ ပူးပေါင်းကာ အင်အား ၃၀၀ ကျော်ဖြင့် ဒေသတွင်းကျေးရွာများကို စီးနင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ပုလဲနယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ဦးဇော်ထက်က “စစ်ဆင်ရေးက မပြီးသေးလို့ အသေးစိတ် ပြောလို့မရသေးပါဘူး” ဟု ဆိုသည်။

စစ်အုပ်စု၏ စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် စစ်ရေးတင်းမာမှုများကြောင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာခန့်မှ အရပ်သားပြည်သူများသည် ဘေးလွတ်ရာသို့ ယာယီစစ်ဘေးရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

#ပုလဲ

#အင်အား၃၀၀ကျော်

#စစ်ကြောင်း

#တော်လှန်ရေးတပ်ဖွဲ့များ

#တိုက်ပွဲပြင်းထန်

#PSM_News

By Htet Ko