PSM(New)

မတ် ၂ ၊ ၂၀၂၆

ရန်ကုန်တက္ကသိုလ်၏ “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့” ကို အပ်နှင်းခံထားရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့တောင်သူဦးကြီးများအနေဖြင့် လယ်ယာစိုက်ပျိုးရေးတွင် Artificial Intelligence (AI) နည်းပညာများကို အသုံးပြုရန် ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ သဝဏ်လွှာတွင် တိုက်တွန်းပြောကြားခဲ့သည်။

ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ရ စစ်ခေါင်းဆောင်၏ အိပ်မက်အရ တောင်သူများသည် စမတ်ဖုန်းများဖြင့် သီးနှံအရွက်ကို ဓာတ်ပုံရိုက်ရုံမျှဖြင့် ပိုးမွှားရောဂါကို စက္ကန့်ပိုင်းအတွင်း သိနိုင်မည်ဖြစ်သလို၊ QR Code များမှတစ်ဆင့် စိုက်ပျိုးရေးဗဟုသုတများကို ရှာဖွေရမည်ဟု ဆိုသည်။

“သူကတော့ စက္ကူပေါ်မှာ AI နဲ့ လယ်ထွန်ပြနေတာပဲ။ ကျွန်တော်တို့မှာတော့ ဖုန်းထဲမှာ VPN တွေ့ရင်တောင် ထောင်ချမှာကြောက်နေရတာ ဘယ်လို AI သွားသုံးရမှာလဲ။ ပိုးမွှားရောဂါကို ဖုန်းနဲ့ဓာတ်ပုံရိုက်ဖို့အသာထား ဖုန်းလိုင်းမိဖို့တောင် မလွယ်တာကို မသိတာလား” ဟု စစ်ကိုင်းတိုင်းမှ တောင်သူတစ်ဦးက PSM ကို ပြောသည်။

လက်ရှိတွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ မြင့်တက်နေပြီး AI စနစ်ဖြင့် ရေသွင်းရန်ထက် ဒီဇယ်ဆီကိုပင် ဈေးကြီးပေး၍ တန်းစီဝယ်ယူနေရကြောင်း တောင်သူများထံမှ သိရသည်။

စီမံခန့်ခွဲမှုပါရဂူဘွဲ့ရ စစ်ခေါင်းဆောင်က AI သုံးရန် တိုက်တွန်းနေသော်လည်း အွန်လိုင်းပေါ်တွင် အမြင်မတူသူများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် အရေးယူ၍ ထောင်ဒဏ်များ ချမှတ်ခြင်း၊ ဖုန်းများကို သိမ်းဆည်းကာ VPN ပါမပါ စစ်ဆေး၍ အရေးယူခြင်းတို့အပြင် လျှပ်စစ်မီး ပုံမှန်မရခြင်း၊ စက်သုံးဆီဈေးကြီးခြင်းနှင့် အင်တာနက်ဖြတ်တောက်ခြင်းတို့ကိုပါ ကြုံတွေ့နေရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#ရန်ကုန်တက္ကသိုလ်

#ဂုဏ်ထူးဆောင်

#ဒေါက်တာမင်းအောင်လှိုင်

#တောင်သူများ

#AI

#PSM_News

By Htet Ko