PSM(News) မတ် ၂ ၊ ၂၀၂၆ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကုန်ကားရပ်နားစခန်းနှင့် ဈေးတန်းနေရာကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂၅ ဦး သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က PSM News သို့ အတည်ပြုပြောကြားသည်။ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးရှိ ကုန်ကားရပ်နားစခန်းကို ယမန်နေ့ မတ်လ ၁ ရက်၊ နံနက် ၁၁ နာရီကျော်ခန့်တွင် မကွေးလေတပ်မှ ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ၈ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ ”အရပ်သားပြည်သူ ၂၅ ဦး သေဆုံးထားတာကို လက်ရှိအချိန်မှာ အတည်ပြုထားနိုင်ပါတယ်။ ရှာဖွေ ကယ်ဆယ် ရေးတွေ ဆက်လုပ်နေတုန်းဖြစ်လို့ ဒီထက်လည်း သေဆုံးနိုင်ခြေ ရှိနေပါတယ်” ဟု ယမန်နေ့ညဦးပိုင်းက PSM ကို ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိပြီး ၎င်းတို့အနက် ၁၀ ဦးမှာ ဒဏ်ရာပြင်းထန်ကာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများလည်း ပါဝင်နေသည်။၎င်းတို့ကို အရေးပေါ်ဆေးကုသမှုများ ပြုလုပ်ပေးနေပြီး လိုအပ်ပါက အခြားဆေးရုံများသို့ လွှဲပြောင်းကုသရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ ကုန်စည်ကူးသန်းရောင်းဝယ်သည့် နေရာကို စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကုန်ကားတစ်ဒါဇင်ကျော်လည်း ပျက်စီး သွားခဲ့ကြောင်း သိရသည်။ ”တိုက်ပွဲဖြစ်တာ မရှိဘူး။ အရပ်သားတွေ သူတို့ဘာသာ စီးပွားရှာနေတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်တာပါ။ ဒါဟာ ပြောင်ပြောင်တင်းတင်း စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်ပါတယ်” ဟု ကိုမြတ်က ဆက်လက်ပြောကြားသည်။ စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်-ထီးဆောင်း လမ်းပိုင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား နှစ် ဦး သေဆုံးခဲ့သည်။ ဓာတ်ပုံ-CJ #မင်းတုန်း #ကုန်ကားရပ်နား #ဈေးတန်းဗုံးကြဲခံရ #အရပ်သား၂၅ဦးသေဆုံး #PSM_News Post navigation NUG နှင့် SRA တို့ တော်လှန်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သ ဘောတူညီမှုရရှိခဲ့ပြီး အသေးစိတ် လုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးရန်ရှိ ပုလဲတွင် အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေ၊ ရွာ ၁၀ ရွာခန့် စစ်ဘေးရှောင်နေရ