PSM(News) မတ် ၁ ၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့အကြား တော်လှန် ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ NUG မှ တာဝန်ရှိဝန်ကြီးများနှင့် SRA တပ်ပေါင်းစုမှ ခေါင်းဆောင်များသည် ပထမဆုံးအကြိမ်အဖြစ် တရားဝင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲတွင် နှစ်ဖက်အကြား ကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်လာခဲ့ကြောင်း SRA မှ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်ထံမှ သိရသည်။ “တွေ့ဆုံဆွေးနွေးတဲ့ အခါမှာတော့ ကောင်းမွန်တဲ့ရလဒ်တွေ ရှိခဲ့တယ်။ ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ သဘောတူညီမှု ရခဲ့ပါတယ်” ဟု ကိုမင်းဟန်ထက်က PSM News ကို ပြောသည်။ နှစ်ဖက်တွေ့ဆုံရာတွင် ကနဦးအနေဖြင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ရှေ့ဆက်လက် ဆောင်ရွက်ရမည့် အသေးစိတ် လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးသွားရန် ကျန်ရှိနေသေးကြောင်း သိရသည်။ “ကျွန်တော်တို့ရဲ့ ပထမအကြိမ် ကနဦးအစည်းအဝေးဖြစ်တာနဲ့အညီ ပူးတွဲဆောင်ရွက်ရမယ့်ကိစ္စတွေ၊ လက် တွဲဆောင်ရွက်ရမယ့်ကိစ္စတွေက ဆက်ပြီးတော့ အသေးစိတ်ဆွေးနွေးဖို့ လိုပါသေးတယ်” ဟု ကိုမင်းဟန်ထက်က ဆက်လက်ပြောကြားသည်။ နွေဦးတော်လှန်ရေး တပ်ပေါင်းစု (SRA) တွင် KNDF၊ BPLA၊ BLDF၊ ချင်းညီနောင် (CB)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် ဒေသအခြေစိုက် PDF တပ်ရင်းတပ်ဖွဲ့များပါဝင်ပြီး တော်လှန်ရေးအင်အားစုပေါင်း ၁၉ ဖွဲ့ဖြင့် ခိုင်မာစွာ ဖွဲ့စည်းထားသည့် တပ်ပေါင်းစုတစ်ခု ဖြစ်သည်။ ပုံစာ-တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ပြောရေးဆိုခွင့်သူ ကိုမင်းဟန်ထက် #NUG #SRA #တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု #ပူးပေါင်းဆောင်ရွက်ရေး #နွေဦးတော်လှန်ရေး #PSM_News Post navigation ပေါက်မြို့နယ်ရှိ ကပစ-၂၄ ကို ရိက္ခာပို့ရန် ပြင်ဆင်နေ၍ ပခုက္ကူ၊ မြိုင်နှင့် ပေါက်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင် မင်းတုန်းတွင် ကုန်ကားရပ်နားသည့် ဈေးတန်းဗုံးကြဲခံရ၍ အရပ်သား ၂၅ဦး သေဆုံးပြီး သေဆုံးသူ ထပ်တိုးနိုင်