PSM (NEWS) မတ် ၂၊ ၂၀၂၆ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မနေ့က ကျင်းပခဲ့သည့် လုံခြုံရေးကောင်စီ ၁၀၁၁၂ ကြိမ်မြောက် အစည်းအဝေးတွင် အရှေ့အလယ်ပိုင်းဒေသအခြေအနေ ဆိုးရွားတင်းမာနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ပြင်းထန်သည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်နေကြောင်း သတိပေးပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို၊ ထို့နောက် အီရန်ဘက်မှ ဒေသတွင်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ချိုးဖောက်ခဲ့သည့် တုံ့ပြန်တိုက်ခိုက်မှုများကိုလည်း ရှုတ်ချကြောင်း ဆိုသည်။ လက်ရှိ မြေပြင်အခြေအနေသည် လျင်မြန်စွာ ပြောင်းလဲနေပြီး အတည်မပြုနိုင်သေးသည့် သတင်းများစွာ ရှိနေကြောင်း၊ အီရန်နိုင်ငံအနှံ့ မြို့ပေါင်း ၂၀ ခန့် တိုက်ခိုက်ခံထားရကြောင်း သတင်းရရှိထားသည်ဟု ပြောကြားသည်။ အဆင့်မြင့်အရာရှိအချို့ သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်မှုများ အများအပြား ဖြစ်ပေါ်နေကြောင်းနှင့် စစ်ရေးဆောင်ရွက်မှုများ ဒေသအနှံ့ ပြန့်နှံ့လာခြင်းသည် မတည်ငြိမ်မှုနှင့် အမှားတွက်ချက်မှုအန္တရာယ် မြင့်တက်စေနိုင်ကြောင်း သတိပေးခဲ့သည်။ အီရန်ဘက်မှ အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဒေသအတွင်းရှိ အမေရိကန် စစ်ရေးပိုင်ဆိုင်မှုများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကြေညာထားသည်ဟု ဆိုသည်။ ဒေသတွင်းနိုင်ငံအချို့တွင် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် အိုမန်နိုင်ငံက ကြားခံဆက်ဆံရေးဖြင့် ဆောင်ရွက်ခဲ့သည့် အမေရိကန်-အီရန် အပြန်အလှန် မတိုက်ခိုက်ရေး ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် စီစဉ်ထားသည့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည့်အတွက် အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ ဒေသနှင့် ကမ္ဘာကြီးအတွက် ချက်ချင်း ထွက်ပေါက်လိုအပ်နေကြောင်း၊ စစ်ရေးဆောင်ရွက်မှုများ ချက်ချင်း ရပ်တန့်ရန်နှင့် တင်းမာမှု လျှော့ချရန် တောင်းဆိုကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ အထူးသဖြင့် အီရန် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းသို့ ပြန်လည်ဝင်ရောက်ကြရန် သက်ဆိုင်ရာနိုင်ငံအားလုံးအား ပြင်းထန်စွာ တိုက်တွန်းခဲ့သည်။ နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂစာတမ်းနှင့် လူသားချင်းစာနာရေးဥပဒေများကို တိတိကျကျ လိုက်နာကာ အရပ်သားများ ကာကွယ်ရေးနှင့် နျူကလီးယားလုံခြုံရေး အာမခံရန် အဖွဲ့ဝင်နိုင်ငံအားလုံးအား တာဝန်ယူဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ ကိုးကား- United Nations #ကုလသမဂ္ဂ #အထွေထွေအတွင်းရေးမှူးချုပ် #အရှေ့အလယ်ပိုင်း #ဆိုးရွားတင်းမာမှု #၁၀၁၁၂_ကြိမ်မြောက်_အစည်းအဝေး #လုံခြုံရေးကောင်စီ #လူသားချင်းစာနာရေးဥပဒေ #နျူကလီးယားလုံခြုံရေး #အာမခံရန် Post navigation ရုရှား၏ လျှို့ဝှက်ရေနံမှောင်ခို သယ်ယူနေသည့် သင်္ဘောကို ဘယ်လ်ဂျီယံ ဖမ်းဆီး အမေရိကန်နှင့် အစ္စရေး၏ အီရန်အပေါ်တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ဟု ရုရှားပြစ်တင်