PSM(NEWS) မတ် ၁၊ ၂၀၂၆ ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန် ရုရှားက အသုံးပြုနေသည့် လျှို့ဝှက်ရေနံမှောင်ခို သယ်ယူနေသည့် သင်္ဘောအုပ်စုမှ ရေနံတင်သင်္ဘောတစ်စင်းကို ဘယ်လ်ဂျီယံအထူးတပ်ဖွဲ့များက ညတွင်းချင်း စစ်ဆင်ရေးတစ်ခုဖြင့် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးရမိခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ဘယ်လ်ဂျီယံအစိုးရက လျှို့ဝှက်ရေနံမှောင်ခို သယ်ယူနေသော သင်္ဘောတစ်စင်းကို မြောက်ပင်လယ်ပြင်တွင် ပြင်သစ်စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်များ၏ လေကြောင်းပံ့ပိုးမှုဖြင့် ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး သီအိုဖရန်ကန်က သင်္ဘောသည် ဘယ်လ်ဂျီယံနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်း၌ ကြားဖြတ်ဖမ်းဆီးခံရပြီးနောက် ဇေးဘရူးဂေးဆိပ်ကမ်းသို့ လိုက်ပါပို့ဆောင်ခြင်းခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ စစ်ဆေးရေးအရာရှိများက ရုရှားနိုင်ငံသို့ ပြန်လည်မောင်းနှင်နေသည့် သင်္ဘောအမည်ကို “အီသာရာ” ဟု ဖော်ထုတ်ခဲ့သည်။ ဘယ်လ်ဂျီယံ ဖက်ဒရယ်စစ်ဆေးရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရုရှားနိုင်ငံသားဖြစ်သူ သင်္ဘောမာလိန်မှူးကို စုံစမ်းစစ်ဆေးသူများက မေးမြန်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ရေနံတင်သင်္ဘောသည် ဂီနီနိုင်ငံအလံကို လွှင့်ထူထားသော်လည်း သင်္ဘောပေါ်၌ စစ်ဆေးမှုများအရ အလံအတုဖြင့် မောင်းနှင်နေခြင်းဖြစ်သည်ဟူသော သံသယများ ခိုင်မာခဲ့ကြောင်း ရုံးမှပြောကြားခဲ့သည်။ “သင်္ဘောစာရွက်စာတမ်းများသည် အတုဖြစ်နိုင်သည်ဟု သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ရသည်”ဟုစစ်ဆေးရေး အရာရှိများက ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အာဏာပိုင်များက ရာဇ၀တ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုကို စတင်ခဲ့သည်။ “သင်္ဘောတစ်စင်းသည် အလံအတုဖြင့် မောင်းနှင်ပါက နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများစွာကို လိုက်နာခြင်းမရှိဟု ဆိုလိုသည်”ဟု ထုတ်ပြန်ချက်တွင် ထပ်လောင်း ဖော်ပြထားသည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ၎င်းနိုင်ငံ၏ ရေတပ်တပ်ဖွဲ့များသည် အဆိုပါ စစ်ဆင်ရေးတွင် ကူညီပေးခဲ့ကြောင်း X လူမှုကွန်ရက်၌ အတည်ပြု ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်ကို ရုရှား၏ “လျှို့ဝှက်ရေနံမှောင်ခို သယ်ယူနေသည့် သင်္ဘောအုပ်စု” ကြီးမားသော ထိုးနှက်ချက်” ဟု ခေါ်ဆိုခဲ့သည်။ ရုရှားသည် ၂၀၂၂ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ၎င်း၏ ဝင်ငွေကောင်းသော ရေနံစိမ်းတင်ပို့မှုကို ကန့်သတ်ချက်များမှ ရှောင်လွှဲနိုင်ရန် ပိုင်ရှင်ကို ဖုံးကွယ်ထားသည့် သက်တမ်းရင့် ရေနံတင်သင်္ဘော အုပ်စုများကို အသုံးပြုခဲ့သည်။ ဘယ်လ်ဂျီယံ ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးရမိသော ရေနံတင်သင်္ဘောသည် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင်ပါဝင်နေကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂသည် ရုရှား၏ စစ်ရေးဘဏ္ဍာငွေများကို ခမ်းခြောက်သွားစေရန်အတွက် သင်္ဘောရာပေါင်းများစွာကို အမည်ပျက်စာရင်း သွင်းထားသည်။ “ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အသက်ဝင်မှသာ အဓိပ္ပာယ်ရှိပါတယ်။ ဒီနေ့ကျွန်တော်တို့ အဲဒါကိုအသက်ဝင်အောင် လုပ်ဆောင်ခဲ့တယ်” ဟု ဘယ်လ်ဂျီယံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး မက်စ်ဆင် ပရီဗော့က X တွင် ရေးသားခဲ့သည်။ စစ်ဆင်ရေးကို ဘယ်လ်ဂျီယံ၏ G7 ၊နော်ဒစ်နှင့် ဘောလ်တစ် မိတ်ဖက်နိုင်ငံများနှင့်အတူ ပြင်သစ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ပြင်သစ်နိုင်ငံသည် NH90 ရဟတ်ယာဉ်နှစ်စင်းဖြင့်လေကြောင်း ပံ့ပိုးမှုပေးခဲ့ကြောင်း သိရသည်။ မက်ခရွန်က အွန်လိုင်းတွင်တင်ခဲ့သည့် စစ်ဆင်ရေးဗီဒီယိုဖိုင်တွင် ဘယ်လ်ဂျီယံတပ်ဖွဲ့များက ရဟတ်ယာဉ်ပေါ်မှ ရေနံတင်သင်္ဘောပေါ်သို့ ကြိုးဖြင့်ဆင်းကာ ဝင်ရောက်စီးနင်းနေသည်ကို တွေ့ရသည်။ “ဒီညရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးမှာ သူတို့ရဲ့ ကျွမ်းကျင်ပြီး ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေအတွက် ကျွန်တော်တို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဂုဏ်ပြုပါတယ်၊ ပြီးတော့ အဓိက ပံ့ပိုးကူညီမှုတွေပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပြင်သစ်မိတ်ဖက်တွေကို ကျေးဇူးတင်ပါတယ်” ဟု ဘယ်လ်ဂျီယံဝန်ကြီးချုပ် ဘတ်ဒီ ဝဲဗာ က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ကိုးကား AFP #PSM_News #ရေနံတင်သင်္ဘော #ဖမ်းဆီး #ရုရှား #လျှို့ဝှက်ရေနံမှောင်ခို #ဘယ်လ်ဂျီယံ Post navigation အမေရိကန်စစ်တပ်က အီရန်စစ်သင်္ဘောကို နစ်မြုပ်ခဲ့ကြောင်း ပြောကြား အရှေ့အလယ်ပိုင်းအခြေအနေ ဆိုးရွားတင်းမာမှုကြောင့် စစ်ရေးရပ်တန့်ရေး ချက်ချင်းလိုအပ်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် တောင်းဆို