PSM(NEWS) မတ်၂၊၂၀၂၆ အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များသည် ဖေဖော်ဝါရီလ၂၈ရက် နံနက်ပိုင်းတွင် အီရန်နိုင်ငံအတွင်းသို့လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို စိန်ခေါ်သည့် အကြောင်းမဲ့ ကျူးကျော်မှုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယခုတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေ၏ အခြေခံမူများကိုတိုက်ရိုက် ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ အီရန်နိုင်ငံနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် ယခုကဲ့သို့ စစ်ရေးအရတိုက်ခိုက်ခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ရုရှားဘက်က ဆိုသည်။ အထူးသဖြင့် အစ္စရေးနိုင်ငံအနေဖြင့် အီရန်နှင့် စစ်ရေးအရထိပ်တိုက်တွေ့ရန် ဆန္ဒမရှိကြောင်း ရုရှားသို့ အာမခံချက်ပေးထားသော်လည်း ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းအပေါ် ရုရှားက သံသယဖြစ်မိကြောင်း သိရသည်။ ဒေသတွင်း ဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေရှိ အမေရိကန်နှင့်အစ္စရေးတို့၏ ယခုလုပ်ရပ်သည် အရှေ့အလယ်ပိုင်းကို လူသားချင်းစာနာမှုဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများအပြင်ရေဒီယိုသတ္တိကြွမှုဆိုင်ရာ ဘေးအန္တရာယ်များသို့ပါ တွန်းပို့နေကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။ ထို့အပြင် အမေရိကန်နှင့် အစ္စရေးသည် အီရန်နျူကလီးယား လက်နက်မရရှိစေရန် ဟူသောအကြောင်းပြချက်ဖြင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စောင့်ကြပ်ကြည့်ရှုမှုအောက်ရှိ နျူကလီးယားစက်ရုံများကို ဗုံးကြဲခြင်းမှာ မမျှတကြောင်း ရုရှားက ထောက်ပြခဲ့သည်။ ရုရှားနိုင်ငံသည်လက်ရှိတင်းမာမှုများကို လျှော့ချရန်အတွက် နိုင်ငံရေးနှင့် သံတမန်ရေးရာ လမ်းကြောင်းပေါ်သို့ချက်ချင်းပြန်လာရန် တိုက်တွန်းထားပြီး နိုင်ငံတကာဥပဒေနှင့်အညီ ငြိမ်းချမ်းသော အဖြေရှာရာတွင် ကူညီပေးရန် အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ကိုးကား MFA Russia #အမေရိကန်_အစ္စရေး #အီရန်_တိုက်ခိုက်မှု #ချိုးဖောက် #နိုင်ငံတကာဥပဒေ #ရုရှားပြစ်တင် #PSM_News Post navigation အရှေ့အလယ်ပိုင်းအခြေအနေ ဆိုးရွားတင်းမာမှုကြောင့် စစ်ရေးရပ်တန့်ရေး ချက်ချင်းလိုအပ်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် တောင်းဆို နာတာဇ် နျူကလီးယားစခန်းအား အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား