PSM (NEWS) မတ်လ ၂၊ ၂၀၂၆ အီရန်နိုင်ငံ၏ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ သည် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီးနောက် ယာယီဦးဆောင်မှုကောင်စီတစ်ရပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမား အလီ လာရီဂျာနီ က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ လာရီဂျာနီသည် ပြီးခဲ့သည့်နှစ်အတွင်း အီရန်လုံခြုံရေးယန္တရား၏ သြဇာအရှိဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် ပြန်လည်ထင်ရှားလာသူဖြစ်သည်။ ၎င်းသည် နျူကလီးယားညှိနှိုင်းမှုများမှစ၍ ဒေသတွင်းဆက်ဆံရေးနှင့် ပြည်တွင်းဆန္ဒပြမှုများကို နှိမ်နင်းရေးအထိ ကျယ်ပြန့်သော လုပ်ငန်းကဏ္ဍများကို စီမံခန့်ခွဲနေသူဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းရန် ညွှန်ကြားခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ချမှတ်ခံခဲ့ရသော်လည်း လာရီဂျာနီသည် အမေရိကန်နှင့် နျူကလီးယားသဘောတူညီချက် ရရှိရေး ကြိုးပမ်းမှုများကို ကြီးကြပ်နေသူလည်း ဖြစ်သည်။ ၎င်းက အီရန်နိုင်ငံကို ပြိုကွဲစေရန် ကြိုးပမ်းနေသည်ဟု အမေရိကန်နှင့် အစ္စရေးတို့အား စွပ်စွဲခဲ့ပြီး ခွဲထွက်ရေးအင်အားစုများ တစ်စုံတစ်ရာ လှုပ်ရှားလာပါက ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု သတိပေးပြောကြားခဲ့သည်။ ထို့ပြင် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် အဗဒိုလရာဟင် မြူဆာဗီ သည်လည်း တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့ကြောင်း အစိုးရရုပ်သံက အတည်ပြုခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လတွင် အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီ(SNSC) ၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသော လာရီဂျာနီသည် ခါမေနီအပေါ် သစ္စာရှိမှုကြောင့် ထင်ရှားပြီး အစိုးရအတွင်း အုပ်စုကွဲများကြား ပြေလည်ညှိနှိုင်းနိုင်သည့် ပုဂ္ဂိုလ်အဖြစ်လည်း လူသိများသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်ကလည်း SNSC ကို ဦးဆောင်ခဲ့ဖူးသည့် လာရီဂျာနီသည် ပြီးခဲ့သည့်နှစ်တွင် အီရန်၊ အစ္စရေးနှင့် အမေရိကန်တို့အကြား ဖြစ်ပွားခဲ့သော ၁၂ ရက်ကြာ လေကြောင်းစစ်ပွဲအပြီး လုံခြုံရေးကောင်စီ အကြီးအကဲအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်လာခြင်းဖြစ်သည်။ ၎င်းက “ကျွန်တော့်အမြင်အရ ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ အမေရိကန်ဘက်က အီရန်ကို နျူကလီးယားလက်နက် မပိုင်ဆိုင်စေလိုခြင်းသာ ဖြစ်ပါက၊ ယင်းကို ညှိနှိုင်းနိုင်ပါသည်” ဟု အိုမန်နိုင်ငံပိုင် ရုပ်သံသို့ ပြောကြားခဲ့သည်။ သို့သော် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများကို နှိမ်နင်းရာတွင် လာရီဂျာနီသည် ရှေ့တန်းမှ ပါဝင်ခဲ့သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲထားသည်။ လူ့အခွင့်အရေးအဖွဲ့များ၏ အဆိုအရ ယင်းနှိမ်နင်းမှုအတွင်း လူပေါင်း ထောင်နှင့်ချီ သေဆုံးခဲ့ရပြီး ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အဆိုးရွားဆုံး ပြည်တွင်းမငြိမ်သက်မှုအဖြစ် မှတ်ယူခံထားရသည်။ ကိုးကား — Reuters #ခါမေနီ #သေဆုံး #အီရန် #ဦးဆောင် #လာရီဂျာနီ #ပြည်တွင်းမငြိမ်သက်မှု #PSM_News Post navigation အစ္စရေး၏ တိုက်ခိုက်မှုများတွင် အီရန်ကာကွယ်ရေးဝန်ကြီးနှင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှူးများ သေဆုံးဖွယ်ရှိ အမေရိကန်စစ်တပ်က အီရန်စစ်သင်္ဘောကို နစ်မြုပ်ခဲ့ကြောင်း ပြောကြား