PSM(NEWS)
ဖေဖော်ဝါရီ ၂ ၊၂၀၂၆

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ကော်မရှင်အဖွဲ့ဝင်များကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တီမောလက်စတေးနိုင်ငံ တရားစီရင်ရေးအာဏာပိုင်များက ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများ စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအရေးယူမှုသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက အခြားအဖွဲ့ဝင်နိုင်ငံတစ်ခု၏ ခေါင်းဆောင်ပိုင်းကို ရာဇဝတ်မှုများဖြင့် ပထမဆုံးအကြိမ် တရားစွဲဆိုခြင်းဖြစ်ပြီး သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တင်သွင်းထားသည့် တရားစွဲဆိုမှုဆိုင်ရာ အမှုတွဲတွင် စစ်ကော်မရှင်၏ ရက်စက်ကြမ်းကြုတ်သော ကျူးလွန်မှုများကို သက်သေအထောက်အထားများနှင့်တကွ ဖော်ပြထားသည်။ အဆိုပါအမှုတွဲကို စစ်ဆေးရန် တီမောအစိုးရက အကြီးတန်းအစိုးရရှေ့နေတစ်ဦးကို တာဝန်ပေးအပ်ထားပြီး ဖြစ်သည်။

တရားစွဲဆိုထားသည့် အမှုတွဲတွင် ပါဝင်သော အဓိကအချက်များမှာ-
ကိုယ်ဝန်ဆောင်အမျိုးသမီးအား ခင်ပွန်းဖြစ်သူရှေ့တွင် အုပ်စုဖွဲ့မုဒိမ်းကျင့်မှု။

သတင်းထောက်နှင့် ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၀ ဦးကို လည်လှီးသတ်ဖြတ်မှု။

ဘာသာရေးခေါင်းဆောင်များနှင့် သင်းထောက်များကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု။

ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းများကို လေကြောင်းမှ တိုက်ခိုက်မှု။

တီမောလက်စတေးနိုင်ငံသည် ၎င်းတို့ကိုယ်တိုင် လွတ်လပ်ရေးအတွက် ခါးသီးသောသမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရသဖြင့် မြန်မာပြည်သူများနှင့် ထပ်တူစာနာကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ CHRO ၏ ရှေ့နေဖြစ်သူ ဂျိုးစ် တိုက်ရွိရာ (Jose Teixeira) က တီမောနိုင်ငံ၏ တရားစီရင်ရေးသည် လွတ်လပ်ကြောင်းနှင့် စစ်ကော်မရှင်၏ ခြိမ်းခြောက်စွက်ဖက်မှုများကို လက်ခံမည်မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်ချိန်၊ စစ်ကော်မရှင်က ပြုလုပ်သည့် “အတုအယောင်” ရွေးကောက်ပွဲကို နိုင်ငံတကာက ကန့်ကွက်နေချိန်တွင် ယခုကဲ့သို့ တရားစွဲဆိုမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကော်မရှင်သည် နိုင်ငံ၏ ၄၀ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းချုပ်ထားနိုင်တော့ကြောင်း ကုလသမဂ္ဂ၏ အချက်အလက်များကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ တရားမျှတမှုဆိုင်ရာ စီမံချက် (MAP) ၏ ဒါရိုက်တာ ခရစ်စ် ဂန်းနက်စ် (Chris Gunness) က “ဒီအမှုဟာ မြန်မာပြည်သူတွေ တရားမျှတမှုအတွက် လျှောက်လှမ်းနေတဲ့ ခရီးမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုပါ။
အာဏာရှင်စနစ်အောက်မှာ တရားမျှတမှုဆိုတာ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကိုးကား CHRO Press Release

စစ်ကော်မရှင်ခေါင်းဆောင်များ

တီမောလက်စတေး

စစ်ရာဇဝတ်မှု

တရားစွဲဆို

အာဏာရှင်စနစ်

PSM_News

By Htet Ko