PSM(News)
ဖေဖော်ရီ ၂ ၊ ၂၀၂၆

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၇ ဦး သေဆုံးခဲ့ကြောင်း ဗမာ့ တပ်တော် (BAMAR ARMY) က ထုတ်ပြန်သည်။

အင်အား ၁၅၀ ခန့်ပါသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က ချောက်မြို့နယ်ရှိ တော်လှန်ရေးတပ်များ စိုးမိုးနယ်မြေသို့ စစ်ကြောင်းထိုးလာစဉ် ထိန်ကန်ကျေးရွာနှင့် လွင်ကြယ်ကန်ကျေးရွာအကြားတွင် တော်လှန်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကော်မရှင်တပ်များ မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာချိန် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် မိုင်းအများအပြား ပြင်းထန်စွာ ပေါက်ကွဲခဲ့သဖြင့် အထိနာခဲ့ပြီးနောက် တော်လှန်ရေးတပ်များက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်က လက်နက်ကြီးများ ပစ်ကူယူ၍ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် ၎င်းတို့ အထိနာသွားသည့်အတွက် အငြိုးအတေးဖြင့် ထိုနေ့ ညနေပိုင်းတွင် ထိန်ကန်ကျေးရွာမှ ပြည်သူ့နေအိမ် ငါး လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းကလည်း ထိန်ကန်ကျေးရွာမှ ပြည်သူတစ်ဦးနှင့် လမ်းပြအဖြစ် အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူတစ်ဦး စုစုပေါင်း နှစ် ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်အပြင် ပြည်သူပိုင်ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ သုံးပွင့်ဗိုလ်ကြီး တစ်ဦးအပါအဝင် ၂၇ ဦး သေဆုံးခဲ့ပြီး တော်လှန် ရေးမဟာမိတ်တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာ့တပ်တော် (BAMAR ARMY)၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အမှတ် (၇၀၇) တပ်ရင်း လက်ရုံးတပ်ဖွဲ့နှင့် မဟာမိတ်တပ်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-ဗမာ့တပ်တော်

ချောက်

မကွေးတိုင်း

ဗမာ့တပ်တော်

စစ်ကော်မရှင်

PSM_News

By Htet Ko