PSM(News)
ဖေဖော်ဝါရီ ၂၊ ၂၀၂၆

စစ်ကော်မရှင်၏ တဖက်သတ် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အသိအမှတ်မပြုသည့် အာဆီယံ၏ မူဝါဒရပ်တည်ချက်ကို ကြိုဆိုကြောင်းနှင့် လူသားချင်းစာနာမှု အကူအညီများ ထိရောက်စေရန်အတွက် မြေပြင်အုပ်ချုပ်ရေးယန္တရားရှိသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ပတ်သက်၍ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်တွင် သဘောထား ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် NUG သည် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံအား အကောင်အထည် ဖော်စေလိုသည့် အချက်လေးချက်ပါ ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်လောင်းအတည် ပြုနေရုံဖြင့် မလုံလောက်တော့ဘဲ၊ အကြမ်းဖက်မှုများ ရပ်တန့်စေရန်အတွက် ရှင်းလင်းပြတ်သားပြီး တိုင်းတာနိုင်သည့် စံနှုန်းများ ချမှတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အရပ်သားပြည်သူများကို ကာကွယ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ အင်အားစုအားလုံး ပါဝင်သည့် “စောင့်ကြည့်ရေးယန္တရား” တစ်ရပ် ထူထောင်ရန်လည်း အာဆီယံကို ဖိတ်ခေါ်ထားသည်။

လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် ပတ်သက်၍ လက်ရှိတွင် ဒေသအများအပြား၌ ဝန်ဆောင်မှု နှင့် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းသည်သာ လူထုထံ အကူအညီများ တိုက်ရိုက်ရောက်ရှိ နိုင်မည့် အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း NUG က ထောက်ပြထားသည်။

ယင်းအပြင် ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အာဆီယံ သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika) နှင့် အထူးကိုယ်စားလှယ်တို့အနေဖြင့် မြေပြင်တွင် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေမှန်များကို သိရှိနိုင်ရန် NUG နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များအပါအဝင် ပိုမိုကျယ်ပြန့်သည့် အစုအဖွဲ့များနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရန်လည်း တိုက်တွန်း ထားသည်။

NUG အနေဖြင့် ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် အာဆီယံ ဥက္ကဋ္ဌ၊ Troika အဖွဲ့တို့နှင့် အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထပ်လောင်း အတည်ပြုထားသည်။

ပုံစာ-ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

NUG

အာဆီယံ

မြန်မာ့အရေး

ဖက်ဒရယ်ဒီမိုကရေစီ

၅နှစ်ပြည့်

PSM_News

By Htet Ko