PSM(News)ဖေဖော်ဝါရီ ၂ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အစပ်ရှိ စစ်ရှောင်အရပ်သားများ ခိုလှုံရာ တောတိုက်များနှင့် ယာခင်းများကို စစ်ကော်မရှင်သည် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းက လေကြောင်းမှ တရစပ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်တပ်က အာဏာသိမ်းထားသည့် ၅ နှစ်ပြည့်မြောက်သည့် ဖေဖော်ဝါရီ ၁ ရက် ယမန်နေ့ ညနေပိုင်းတွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ နှစ်စင်း ၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ပါရာမော်တာ သုံး စင်း၊ ဂျိုင်ရိုကော့ပတာ တစ်စင်း နှင့် Y-12 စစ်ထောက်ပို့ယာဉ် တစ်စင်း စသည့် လေယာဉ်အမျိုးအစားစုံကို အသုံးပြု၍ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့ ညနေ ၄ နာရီ ၁၃ မိနစ်မှ ၅ နာရီကျော်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၀ နီးပါး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များ ခိုလှုံနေသည့် တောတိုက်များနှင့် ယာခင်းများအတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။ “လူတွေကတော့ ကြိုတင်ရှောင်တိမ်းနိုင်လို့ အသေအပျောက် မရှိခဲ့ပေမဲ့ ယာခင်းထဲက အိမ်မွေးတိရိစ္ဆာန် နွားတွေတော့ သေဆုံးခဲ့ရပါတယ်။ လေယာဉ်တွေက အုပ်စုလိုက်လာပြီး တရစပ် ကြဲသွားတာပါ” ဟု ဒေသခံတစ်ဦးက PSM ကိုပြောသည်။ စစ်ကော်မရှင်သည် အာဏာသိမ်း ၅ နှစ်ပြည့်နေ့တွင် စစ်ကိုင်းတိုင်း၌ လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်ခဲ့ပြီး ယခုကဲ့သို့ အရပ်သားပြည်သူများ၏ စားကျက်မြေနှင့် ယာခင်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဓာတ်ပုံ-CJ လေကြောင်းတိုက်ခိုက်မှု ယင်းမာပင် ကနီ စစ်ကိုင်းတိုင်း စစ်အာဏာသိမ်း၅နှစ်ပြည့် PSM_News Post navigation လွတ်လပ်မျှတမှု မရှိဟု ဝေဖန်ခံနေရသည့်ကြားမှ မြန်မာ့ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု USDP အနိုင်ရ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုသည့် အာဆီယံမူဝါဒကို NUG ကြိုဆို၊ လူသားချင်း စာနာမှုအကူအညီများအတွက် တိုင်းရင်းသားအဖွဲ့များနှင့် ပူးပေါင်းရန် တိုက်တွန်း