PSM(NEWS)ဖေဖော်ဝါရီ ၂၊ ၂၀၂၆ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။ သို့သော် အဆိုပါ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အနောက်နိုင်ငံအချို့က ပြင်းထန်စွာ ဝေဖန်ထားကြသည်။ AFP သတင်းဌာနအရ USDP သည် မဲအရေအတွက် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပြီး Reuters သတင်းဌာနကလည်း လွှတ်တော်နှစ်ရပ်ပေါင်းရှိ လစ်လပ်အမတ်နေရာ ၄၂၀ နေရာအနက် ၃၄၁ နေရာ ကို ရရှိခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် ကုလသမဂ္ဂကမူ စစ်ကော်မရှင်သည် ပြည်သူများကို မဲရုံသို့ သွားရောက်မဲပေးရန် အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများ အသုံးပြုကာ အဓမ္မ စေခိုင်းခဲ့သည် ဟု စွပ်စွဲပြောကြားထားသည်။ စစ်တပ်လိုလားသော Eleven Media Group က ယခုလအစောပိုင်းတွင် စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ကိုးကားဖော်ပြခဲ့ရာ၊ လာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူကာ သမ္မတရွေးချယ်မည် ဖြစ်ပြီး ဧပြီလတွင် အစိုးရသစ် စတင်တာဝန်ယူမည် ဟု ဆိုထားသည်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့ပြီး လေးနှစ်ကျော်အကြာတွင် ကျင်းပခဲ့သည့် အဆိုပါ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက် တွင် စတင်ကာ ဇန်နဝါရီလနှောင်းပိုင်း တွင် နောက်ဆုံးအဆင့် မဲပေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှုများကို နှိမ်နင်းမှုများကြောင့် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့သည်။ ကုလသမဂ္ဂအဆိုအရ လက်ရှိအချိန်တွင် လူပေါင်း ၃.၆ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည် ဟု သိရသည်။ ASEAN ကလည်း အဆိုပါ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောကြားထားပြီး လူ့အခွင့်အရေးအဖွဲ့များနှင့် အနောက်နိုင်ငံအချို့ကလည်း ယင်းရွေးကောက်ပွဲကို ဟန်ပြရွေးကောက်ပွဲသာ ဖြစ်သည် ဟု ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ဒုတိယအကြိမ် ထရမ့်အစိုးရ လက်ထက်တွင် နိုင်ငံခြားရွေးကောက်ပွဲများအပေါ် ဝေဖန်မှုများ လျော့ချလာသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မြန်မာနိုင်ငံအခြေအနေကို အနီးကပ် စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ ထုတ်ပြန်ချက်အရ ရိုဟင်ဂျာအပါအဝင် လူနည်းစုအများအပြားသည် နိုင်ငံသားဖြစ်ခွင့် မရှိခြင်းနှင့် ပြည်ပတွင် နေထိုင်နေရခြင်းကြောင့် မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ရွေးကောက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၁၇၀ သေဆုံး ကာ ၄၀၀ ခန့် ဖမ်းဆီးခံခဲ့ရ ကြောင်းလည်း အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။ ကိုးကား – ABC ရွေးကောက်ပွဲ အသိအမှတ်မပြု စစ်တပ်ကျောထောက်နောက်ခံပြု လွတ်လပ်၍တရားမျှတမှုမရှိ အာဏာသိမ်းမှု အိုးအိမ်စွန့်ခွာ ထွက်ပြေး PSM_News Post navigation စစ်အုပ်စု၏ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု ဗြိတိန်နှင့် ဆွစ်ဇာလန် ထုတ်ပြန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်စဲရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်း စစ်တပ် အာဏာသိမ်း ၅ နှစ်ပြည့်နေ့တွင် ယင်းမာပင်နှင့် ကနီနယ်စပ်သို့ လေကြောင်းတိုက်ခိုက်မှုများ တရစပ်ပြုလုပ်၊ အိမ်မွေးတိရိစ္ဆာန်များ သေဆုံး