PSM(News)
ဖေဖော်ဝါရီ ၁ ရက်

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည်မှာ ၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ထိုသို့ ၅ နှစ်ပြည့် မြောက်ချိန်တွင် စစ်အုပ်စုက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည် လွတ်လပ်မှုမရှိသလို တရားမျှတမှု လည်း မရှိကြောင်း၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း ဗြိတိန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က ပြတ် သားစွာ ထုတ်ပြန်ခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် အဆိုပါ သံရုံးနှစ်ခု၏ ထုတ်ပြန်ချက်တွင် စစ်တပ် အနေဖြင့် လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများကို ချက်ချင်းရပ်စဲရန်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားသည်။

“စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခြင်းဖြင့် ပြည်သူ့ဆန္ဒနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ဥပေက္ခာပြု ဖျက်ဆီးခဲ့တယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Yvette Cooper ကပြောဆိုခဲ့ပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်။

ထို့အတူ ဆွစ်ဇာလန်သံရုံးကလည်း လက်ရှိ စစ်အုပ်စု၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် အကျပ် အတည်းကို ဖြေရှင်းနိုင်မည့် ခြေလှမ်းမျိုး မဟုတ်ကြောင်း ထောက်ပြထားသည်။

ထို့အပြင် စစ်တပ် အာဏာသိမ်းထားသည့် ၅ နှစ်တာအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာခြင်းအပေါ် နှစ်နိုင်ငံလုံးက စိုးရိမ်ပူပန်မှုများရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အိုးမဲ့အိမ်မဲ့ဖြစ်ရသူ ၄ သန်းကျော် အပါအဝင် လူပေါင်း ၁၆ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း ဆွစ်ဇာလန်နိုင်ငံ၏ ထုတ်ပြန်ချက် အရ သိရသည်။

ဗြိတိန်အစိုးရအနေဖြင့် ပြီးခဲ့သည့်တစ်နှစ်အတွင်း မြန်မာပြည်သူ ၁.၄ သန်းကျော်ကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခဲ့ပြီး ထိခိုက်မှုအများဆုံး ခံရသော ပြည်သူများနှင့်အတူ ဆက်လက်ရပ်တည် သွားမည်ဟု ကတိပြုထားသည်။

ယင်းအပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေး ထုတ်လုပ်မှုနှင့် အွန်လိုင်းလိမ်လည်မှုများ တိုးပွားလာခြင်းသည် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း နှစ်နိုင်ငံလုံးက သတိပေးထားသည်။

အလားတူ ဗြိတိန်နှင့် ဆွစ်ဇာလန်အစိုးရတို့သည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံသွားမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီသည့် ငြိမ်းချမ်းသော ဒီမိုကရေစီ အနာဂတ် ဖြစ်ပေါ်လာစေရန် နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

ဗြိတိန်

ဆွစ်ဇာလန်

စစ်အာဏာသိမ်း၅နှစ်ပြည့်

နိုင်ငံတကာဖိအား

မြန်မာ့အရေး

PSM_News

By Htet Ko