PSM (NEWS)
ဖေဖော်ဝါရီ ၂၊ ၂၀၂၆

အမေရိကန်အစိုးရက မကြာသေးမီက ထုတ်ပြန်ခဲ့သော ၂၀၂၆ ခုနှစ် အမျိုးသားကာကွယ်ရေးမဟာဗျူဟာ (National Defense Strategy) စာတမ်းအသစ်တွင် ထိုင်ဝမ်အကြောင်း တိုက်ရိုက်ဖော်ပြထားခြင်း မရှိသည့်အပေါ် ထိုင်ဝမ်အစိုးရအပါအဝင် ဒေသတွင်းမှ စိုးရိမ်မှုများ မြင့်တက်လာလျက်ရှိသည်။ ယင်းအခြေအနေအတွင်း တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်တိုးမြှင့်နေဆဲဖြစ်သည်။

လေ့လာသုံးသပ်သူအချို့က ယင်းကာကွယ်ရေးစာတမ်းအသစ်သည် ထရမ့်အစိုးရ၏ ကာကွယ်ရေးဦးစားပေးများ ပြောင်းလဲလာနေကြောင်းကို ပြသနေပြီး အမေရိကန်၏ အရင်းအမြစ်နှင့် ကန့်သတ်ချက်များကို ပိုမိုအလေးထားလာကြောင်း ထင်ဟပ်စေသည်ဟု သုံးသပ်ကြသည်။

ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သော စာတမ်းဗားရှင်းအသစ်တွင် ထိုင်ဝမ်အကြောင်း တိုက်ရိုက်ရည်ညွှန်းချက် မပါဝင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အမျိုးသားကာကွယ်ရေးမဟာဗျူဟာတွင်မူ ထိုင်ဝမ်အကြောင်းကို အကြိမ်ကြိမ် ထည့်သွင်းဖော်ပြခဲ့ပြီး တရုတ်၏ “ရန်စလိုသော ပြောဆိုမှုများ” နှင့် “အဓမ္မဖိအားပေး လုပ်ဆောင်မှုများ” သည် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည်ဟု သတိပေးခဲ့ဖူးသည်။

ယခင်စာတမ်းများတွင် တရုတ်က ထိုင်ဝမ်အား အင်အားသုံး၍ မိခင်နိုင်ငံနှင့် ပြန်လည်ပေါင်းစည်းနိုင်ကြောင်း ထပ်ခါတလဲလဲ ထုတ်ဖော်ပြောဆိုလာမှုများကို မှတ်တမ်းတင်ထားခဲ့ပြီး၊ အမေရိကန်ဘက်ကလည်း ထိုင်ဝမ်အား ကာကွယ်နိုင်ရန် လက်နက်ပံ့ပိုးရေးနှင့် ပတ်သက်သည့် ကတိကဝတ်များကို ထုတ်ဖော်ထားခဲ့သည်။

ယင်းနောက်ခံအခြေအနေအတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ရဟတ်ယာဉ်တစ်စင်းနှင့် ရေတပ်သင်္ဘော ခြောက်စင်းတို့သည် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးအကြား သတ်မှတ်ထားသည့် အလယ်မျဉ်းကို ဖြတ်ကျော်ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်အစိုးရဘက်က ယင်းစစ်ရေးလှုပ်ရှားမှုများကို ဒေသတွင်းတင်းမာမှုကို တိုးမြှင့်စေသော လုပ်ရပ်များအဖြစ် သတ်မှတ်ထားပြီး အမေရိကန်၏ ကာကွယ်ရေးမဟာဗျူဟာအသစ်အပေါ် ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ကိုးကား — The Independent

ထိုင်ဝမ်

အမေရိကန်

ကာကွယ်ရေးမဟာဗျူဟာအသစ်

စိုးရိမ်မှုများမြင့်တက်

တရုတ်

စစ်ရေးလှုပ်ရှားမှု

တည်ငြိမ်ရေး_ခြိမ်းခြောက်

PSM_News

By Htet Ko