PSM (NEWS)ဖေဖော်ဝါရီ ၂၊ ၂၀၂၆ အကယ်၍ အမေရိကန်ပြည်ထောင်စုက စစ်ရေးအရ အရေးယူဆောင်ရွက်လာပါက အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ပါဝင်ပတ်သက်စေမည့် စစ်ပွဲတစ်ရပ် ဖြစ်ပွားလာနိုင်ကြောင်း အီရန်နိုင်ငံက တနင်္ဂနွေနေ့တွင် သတိပေးပြောကြားလိုက်သည်။ အီရန်၏ အဓိကခေါင်းဆောင်ဖြစ်သော အယာတိုလာ အလီ ခါမေနီက အမေရိကန်တပ်ဖွဲ့များက အီရန်ကို တိုက်ခိုက်ခဲ့ပါက ယင်း၏ နောက်ဆက်တွဲအကျိုးဆက်များသည် နိုင်ငံတစ်နိုင်ငံတည်းအတွင်းသာ မရပ်တန့်ဘဲ ဒေသတစ်ဝန်းသို့ ပျံ့နှံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အီရန်အစိုးရနှင့် နီးစပ်သော Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ “အမေရိကန်ဘက်က စစ်ပွဲကို စတင်မယ်ဆိုရင် ဒီတစ်ကြိမ်မှာတော့ ဒေသတွင်းစစ်ပွဲ ဖြစ်လာမှာဖြစ်တယ်” ဟု အသက် ၈၆ နှစ်အရွယ်ရှိ ခါမေနီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ တဟီရန်အစိုးရကလည်း သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ဖြင့် အမေရိကန်ဘက်မှ မည်သည့် စစ်ရေးလှုပ်ရှားမှုကိုမဆို အစ္စရေးနိုင်ငံနှင့် ဒေသတွင်းရှိ အမေရိကန်တပ်စခန်းများကို ပစ်မှတ်ထား၍ လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု သီးခြား သတိပေးထားသည်။ အမေရိကန်ဘက်မှတော့ အီရန်၏ နျူကလီးယားလက်နက် အစီအစဉ်ကို ရပ်တန့်စေရန် ရည်ရွယ်ပြီး ဖိအားတိုးမြှင့်လျက်ရှိကာ ပြီးခဲ့သည့်အပတ်အတွင်း ဒေသတွင်းသို့ ရေတပ်အုပ်စုကြီး (armada) တစ်ခုကို စေလွှတ်ခဲ့သည်။ သမ္မတ ထရမ့်က Truth Social တွင် “လိုအပ်လာပါက အဆိုပါတပ်ဖွဲ့သည် လျင်မြန်ပြင်းထန်စွာ တာဝန်ထမ်းဆောင်ရန် အဆင်သင့်ရှိနေသည်” ဟု ရေးသားခဲ့သည်။ သို့သော် တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင်ပင် ထရမ့်က အီရန်နှင့် “အလေးအနက် ဆွေးနွေးမှုများ” ဆက်လက် ပြုလုပ်နေဆဲဖြစ်ကြောင်းကို ပြီးခဲ့သည့်အပတ်က ထုတ်ဖော်ပြောကြားခဲ့သဖြင့် သံတမန်ရေးရာ ဆက်သွယ်မှု လမ်းကြောင်းများ မပိတ်သွားသေးကြောင်း အရိပ်အမြွက် ပြသခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘတ်ဖ်က ဥရောပသမဂ္ဂ (EU) ၏ စစ်တပ်အားလုံးကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်လိုက်ကြောင်း စနေနေ့တွင် ကြေညာခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို EU က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံရေးသုံးသပ်သူများက ယခုအခြေအနေသည် အမေရိကန်–အီရန် ဆက်ဆံရေးအပြင် အရှေ့အလယ်ပိုင်းတစ်ခုလုံး၏ လုံခြုံရေးအခြေအနေကိုပါ မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း သတိပေးသုံးသပ်နေကြသည်။ ကိုးကား – Politico အရှေ့အလယ်ပိုင်းဒေသ အမေရိကန် အီရန်နိုင်ငံ စစ်ပွဲတစ်ရပ် နျူကလီးယားလက်နက် ရပ်တန့်စေရန်_ရည်ရွယ် PSM_News Post navigation ကမ္ဘောဒီးယား–ထိုင်း နယ်စပ်ယာယီသတ်မှတ်ရေး ပြန်လည်စတင်ရန် ပူးပေါင်းစစ်တမ်းအဖွဲ့များ ချထားပေးရန် ကမ္ဘောဒီးယား တောင်းဆို ထရမ့်၏ ကာကွယ်ရေးမဟာဗျူဟာသစ်တွင် ထိုင်ဝမ် မပါဝင်မှုအပေါ် စိုးရိမ်မှုများမြင့်တက်၊ တရုတ်က ကျွန်းအနီး စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်