PSM(News) ဇူလိုင် ၁၉၊ ၂၀၂၆ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး လုပ် ကြံသတ်ဖြတ်ခံခဲ့ရသည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်အခြေစိုက် ဗြိတိန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ နော်ဝေနှင့် ဂျာမနီသံရုံးတို့က ကျဆုံးလေပြီးသော ခေါင်းဆောင် ကြီးများကို အလေးအနက် အောက်မေ့ဂုဏ်ပြုကြောင်းနှင့် ငြိမ်းချမ်း၊ လွတ်လပ်သော ဒီမိုကရေစီ အနာဂတ်ကို မျှော်မှန်းသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ယနေ့ ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ ဗြိတိသျှသံရုံးက ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံအနာဂတ်ကို ဖော်ဆောင်ရန် ကြိုးပမ်းရာတွင် အသက်ပေးဆပ်ခဲ့ကြသူများအားလုံးကို မြန်မာပြည်သူများနှင့်အတူ လေးစားဂုဏ်ပြုကြောင်းနှင့် ယူကေ အစိုးရအနေဖြင့် ဒီမိုကရေစီအနာဂတ်ကို မျှော်မှန်းသည့် မြန်မာပြည်သူများနှင့်အတူ တသားတည်း ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်သည်။ နယူးဇီလန်သံရုံး၏ ထုတ်ပြန်ချက်တွင် လုပ်ကြံခြင်း၊ အကြမ်းဖက်ခြင်းနှင့် လူ့အသက်ကို သတ်ဖြတ် ခြင်းတို့သည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရန်အတွက် မည်သည့်အခါမျှ လက်ခံနိုင်ဖွယ် နည်းလမ်းများ မဟုတ်ကြောင်းကို အာဇာနည်နေ့က သတိပေးနေပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေးကို ဆွေးနွေးညှိနှိုင်းမှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့်သာ တည်ဆောက်နိုင်ကြောင်း ဖော်ပြထား သည်။ ယင်းအပြင် လွတ်လပ်မှု၊ တရားမျှတမှုတို့အတွက် ကြိုးပမ်းရင်း အသက်ပေးခဲ့ကြသော မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးအားလုံးကိုလည်း အလေးပြုကြောင်း ဆိုသည်။ ထို့အတူ ဩစတြေးလျသံရုံးကလည်း ပိုမိုတောက်ပသည့် အနာဂတ်အတွက် အားထုတ်ကြိုးပမ်းရင်း ကျဆုံးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်များအား မြန်မာပြည်သူများနှင့်အတူ ဂါရဝပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နော်ဝေသံရုံးကလည်း နိုင်ငံ့တာဝန်ထမ်းဆောင်နေစဉ် လုပ်ကြံခံခဲ့ရသည့် အာဇာနည်ကြီးများ၏ အမွေအနှစ်ကို သတိရအောက်မေ့ရင်း နိုင်ငံအနာဂတ်အတွက် ခေတ်အဆက်ဆက် အသက်စွန့်ခဲ့ကြ သူများကို ဂုဏ်ပြုကြောင်း ဆိုထားသည်။ ဂျာမနီသံရုံးကမူ အာဇာနည်ခေါင်းဆောင်များ၏ ရဲစွမ်းသတ္တိနှင့် စိတ်ဓာတ်တို့သည် ယနေ့တိုင် အတုယူစရာဖြစ်နေဆဲဖြစ်ပြီး သမိုင်းဖြစ်စဉ်ကို ကိုယ်ကျိုးအတွက် လိုသလို ဆွဲယူအသုံးချမယ့်အစား သင်ခန်းစာယူသင့်ကြောင်း ထောက်ပြထားသည်။ ထို့ပြင် မြန်မာပြည်သူများ မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ စည်လုံးညီညွတ်ရေးတို့အတွက် အာဇာနည်နေ့က မျှော်လင့်ချက်ဖြစ်စေ ကြောင်းနှင့် မြန်မာပြည်သူများအပေါ် ဂျာမနီနိုင်ငံ၏ စည်းလုံးညီညွတ်မှုများကို ထပ်လောင်းအတည် ပြုကြောင်း ထုတ်ပြန်ထားသည်။ ဓာတ်ပုံ – အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုထားသည့် အာဇာနည်အထိမ်းအမှတ် ကျောက် တိုင်၊ ဝန်ကြီးများရုံး (ရန်ကုန်) နှင့် သံရုံးများ Post navigation “အာဇာနည်တိုင်း သမိုင်းမသေ” ကြွေးကြော်သံဖြင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများတွင် (၇၉) နှစ်မြောက် အာဇာနည်နေ့ လူထုလှုပ်ရှားမှု ပြုလုပ် ဗိုလ်ချုပ်ကြီး စောဘော်ကျော်ဟဲအား KNLA စစ်ဦးစီးချုပ် ခန့်အပ်ခြင်းအပေါ် PDF များ ကြိုဆို