PSM(News)

ဇူလိုင် ၁၉၊၂၀၂၆

ဘန်ကောက်မြို့၊ ဟွေခွမ်ခရိုင်ရှိ ဂိမ်းဆိုင်အသွင်ယူ၍ လျှို့ဝှက်ဖွင့်လှစ်ထားသည့်ဖျော်ဖြေရေးနေရာတစ်ခုကို ထိုင်းရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံး (ONCB) တို့က စနေနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ရာ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် အီလက်ထရောနစ်စီးကရက်များ (Vape) နှင့်အတူ လူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ယခုစီးနင်းမှုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘန်ကောက်မြို့၊ ချာတူချက် ခရိုင်ရှိ လူသိများသော ဘီယာဆိုင်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအပြီး အမျိုးသားရဲချုပ် ၏ အမိန့်ဖြင့် နိုင်ငံတစ်ဝန်း ဖျော်ဖြေရေးနေရာများကိုစစ်ဆေးမှုများပြုလုပ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အဆိုပါနေရာသည် “Ran Lap Soi 1” (လျှို့ဝှက်ဆိုင် – လမ်းသွယ် ၁) ဟု လူသိများပြီး တစ်ရက်လျှင် ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားကာ ဖောက်သည်များကို မူးယစ်ဆေးဝါးများ ထောက်ပံ့ပေးနေကြောင်း သတင်းရရှိထားခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များက လေးထပ်တိုက် အဆောက်အအုံကို စီးနင်းခဲ့ရာတွင် ပြင်ပမှ ဂိမ်းဆိုင်ဟု ထင်မှတ်မှားစေရန် တာပေါ်လင်များနှင့် ကားများဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရှိခဲ့ရသည်။ ဝင်ပေါက်တစ်ခုတည်းသာရှိပြီး မီးဘေးလုံခြုံရေးအတွက် အရေးပေါ်ထွက်ပေါက်များမရှိသဖြင့် အန္တရာယ်ကြီးမားသော အဆောက်အအုံတစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတိပေးခဲ့သည်။

စီးနင်းမှုအတွင်းMDMA ဆေးပြား ၂၂၄ ပြား၊

စိတ်ကြွဆေး ၅၁ ဂရမ်၊

ကိုကင်း ၄၈ ဂရမ်၊

ကီတာမင်း ၃၂၆ ဂရမ်၊

ကီတာမင်းပါဝင်သည့် Vape ပုလင်းငယ် ၁၉ ခု နှင့် အီလက်ထရောနစ်စီးကရက် ၃၈ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါပစ္စည်းများ၏ တန်ဖိုးမှာ ဘတ် ၃၀၀,၀၀၀ ခန့် ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ၁၁ ဦးအနက် ၄ ဦးမှာ ဆိုင်ပိုင်ရှင်နှင့် မူးယစ်ဆေးဝါးရောင်းချရာတွင် ပါဝင်သူများဖြစ်ပြီး၊ ကျန် ၇ ဦးမှာ မူးယစ်ဆေးသုံးစွဲထားသူများ ဖြစ်သည်။ ဆိုင်ပိုင်ရှင် “ဆိုမ်ချိုင်း” အား မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု၊ ရောင်းချမှု၊ လိုင်စင်မဲ့ အရက်ဆိုင်ဖွင့်လှစ်မှုနှင့် တရားမဝင် ပစ္စည်းများတင်သွင်းမှုတို့ဖြင့် တရားစွဲဆိုထားသည်။ ကျန်သူများအားလုံးကိုလည်း ဟွေခွမ်ရဲစခန်းတွင် ဆက်လက်စစ်ဆေးလျက်ရှိသည်။

ကိုးကား-Bangkok Post

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed