PSM (News) ဇူလိုင် ၁၉၊၂၀၂၆ အမေရိကန်စစ်တပ်၏ စစ်ရေးပစ်မှတ်များကို (၇) ရက်ဆက်တိုက် တိုက်ခိုက်ခံခဲ့ရပြီးနောက် အီရန်နိုင်ငံသည် စနေနေ့တွင် ဝါရှင်တန်၏ မဟာမိတ် ပင်လယ်ကွေ့နိုင်ငံများနှင့် ဂျော်ဒန်နိုင်ငံတို့ကို ပြန်လည်တိုက်ခိုက်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီး တစ်ပတ်အကြာတွင် စစ်ပွဲမှာ ပိုမိုပြင်းထန်လာလျက်ရှိသည်။ ကူဝိတ်နိုင်ငံသည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ဆက်တိုက်ခံခဲ့ရပြီး ရေချိုထုတ်လုပ်ရေးစက်ရုံတစ်ခု ထိခိုက်ခဲ့သည့်အပြင် ဒုံးကျည်ခြိမ်းခြောက်မှုများကြောင့် ကူဝိတ်နိုင်ငံတကာလေဆိပ်တွင် လေကြောင်းခရီးစဉ်များ ရပ်နားထားရသည်။ အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကူဝိတ်ရှိ အမေရိကန်၏ စစ်ရေးအထောက်အကူပြုစခန်း Camp Arifjan ကို တိုက်ခိုက်ခဲ့ပြီး Ali Al Salem လေတပ်စခန်းရှိ ရေဒါစခန်းတစ်ခုကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကူဝိတ်ရေနံလုပ်ငန်းကော်ပိုရေးရှင်း၏ ရေနံစက်ရုံတစ်ခု ထိခိုက်ခဲ့ပြီး ပျက်စီးမှုများစွာရှိကာ အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အီရန်ဘက်ကမူ ၎င်းတို့၏ တံတားများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အခြားအခြေခံအဆောက်အအုံများကို အမေရိကန်က တိုက်ခိုက်ခြင်းမှာ “ရိုင်းစိုင်းသောလုပ်ရပ်” ဖြစ်ကြောင်း ပြောဆိုသည်။ “အမေရိကန်စစ်တပ်ရဲ့ ရိုင်းစိုင်းမှုကို ဟန့်တားဖို့ နိုင်ငံတကာအဖွဲ့အစည်း မရှိတဲ့အတွက် ကျွန်တော်တို့မှာ ‘ကိုယ့်ကိုတိုက်ခိုက်သူကို အလားတူပြန်တိုက်ခိုက်ပါ’ ဆိုတဲ့ ကုရ်အာန်ကျမ်းလာ အမိန့်အတိုင်းပဲ လုပ်ဆောင်စရာလမ်း ရှိပါတော့တယ်” ဟု IRGC က ထုတ်ပြန်ခဲ့သည်။ အီရန် ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ ပြီးခဲ့သည့် သုံးပတ်အတွင်း အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် လူ ၅၀ သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ILNA သတင်းဌာနက ဖော်ပြသည်။ အီရန်သည် ဘာရိန်းနိုင်ငံရှိ အမေရိကန်တိုက်လေယာဉ်များ အခြေစိုက်ရာ Sheikh Isa လေတပ်စခန်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။ ထို့အပြင် ဂျော်ဒန်နိုင်ငံရှိ Al Azraq အမေရိကန်စခန်းကို ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် အမေရိကန် တိုက်လေယာဉ်နှစ်စင်းနှင့် အခြားလေယာဉ်သုံးစင်း ပျက်စီးခဲ့ကြောင်း ဆိုသည်။ ဆော်ဒီအာရေဗျနိုင်ငံတွင်လည်း သုံးလအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး Al-Kharj ရှိ အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ရာ Prince Sultan လေတပ်စခန်းကို ပစ်မှတ်ထားခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ငါးပုံတစ်ပုံကို ဖြတ်သန်းပို့ဆောင်ပေးနေသည့် ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်က ရေကြောင်းပိတ်ဆို့မှုများ ပြုလုပ်နေပြီး၊ အီရန်ကလည်း ၎င်းတို့၏ စည်းမျဉ်းကို ချိုးဖောက်သည့် သင်္ဘောများကို ပစ်မှတ်ထားမည်ဟု ကြေညာထားသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ (၄) ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။ ကိုးကား-Reuters Post navigation ရုရှား၏ အကြီးဆုံး အွန်လိုင်းအရောင်းဆိုင် ဂိုဒေါင်ကို ယူကရိန်းဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံး ကီလီယန် အမ်ဘာပေသည် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် လီယွန်နယ် မက်ဆီကို ကျော်ဖြတ်နိုင်ခဲ့